ဒီမိုကရေစီ ဖတ်စာ

Dr. Jerry Dean Epps

© Dr. Jerry Dean Epps, http://www.teachdemocracy.org/

ကျောင်းသူ/ကျောင်းသားတွေ အတွက် ဒီမိုကရေစီ အကြောင်း ကို ပုံပြင်လေးနဲ့ ပြောထား တဲ့ The Democracy ဆိုတဲ့ စာအုပ် ကလေးပါ။

ဒီစာအုပ်ကို ရေးသားတဲ့ Dr. Jerry Dean Epps (Ph. D. in Human Services, M.A. in Sociology, B.A. in Education) ဟာ အမေရိကန်မှာ နေထိုင်ပြီး တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်ပါတယ်။

သူဟာ အမေရိကန် က 9/11 ဖြစ်ရပ် အပြီးမှာ အဲဒီလို အကြမ်းဖက်မှုမျိုးတွေကို ဘယ်လို ရပ်အောင် လုပ် ရမလဲဆိုတာကို စဉ်းစားရင်း ဒီစာအုပ်ကိုရေး ခဲ့ပါတယ်။

သူ့ရဲ့ ယုံကြည် ချက် ကတော့ လူတွေဟာ

ကိုယ့်နေတဲ့နေရာမှာ ကောင်းကောင်း ရှင်သန် ခွင့်ရခဲ့ရင်၊

ငွေကြေး အတွက် မပူပင်ရရင်၊

ကိုယ့်စိတ်ဆန္ဒတွေ ကိုဖော်ထုတ်ခွင့် ရနေခဲ့ရင်၊

နိုင်ငံရေးမှာ လွတ်လပ်ခွင့် ရနေခဲ့ရင်

အဲဒီလူတွေဟာ အကြမ်းဖက်မှု တွေမှာ ပါဝင်ဖို့ စိတ် ကူး မှာ မဟုတ် ပါဘူး။

ပြည်သူအများမှ အပြောင်းအလဲကို လိုလားရန်သာ အဓိက ဖြစ်ပါ တယ်။ ဒီအပြောင်းအလဲက ကောင်းကျိုးရလာဒ်တွေကို တကမ္ဘာလုံးမှာ ခံစားနိုင် ပါလိမ့်မယ်။ ရက်စက်ကြမ်းကြုတ် တဲ့ အာဏာရှင်တွေကို ဒီမိုကရေစီ စနစ်က အစားထိုး ပါလိမ့်မယ်။

ဒီအတွက် ဒီစာအုပ်ကို ကမ္ဘာအနှံ့မှာရှိတဲ့ ကျောင်း သူ/သားတွေ ဖို့ သူက အလကား ဖြန့်ဝေ ပေးခဲ့ပါတယ်။

လူသားအားလုံး အဖိနှိပ်ခံဘဝ မှ လွတ်မြောက်ရေး အတွက် ဒီစာအုပ်ကို သူရေးပြီး ဖြန့်ဝေခဲ့တာပါ။ မူရင်း စာအုပ်ကို လိုချင်ရင် http://www.teachdemocracy.org/  မှာ ရ ယူနိုင်ပါ တယ်။ ဒီအထဲက စာများကို ဖြန့်လိုပါက Dr. Jerry Dean Epps ကို စာရေးသူ အဖြစ်ဖော်ပြပေးဖို့ မမေ့ကြ စေရန် ကိုလဲ ပန်ကြားပါတယ်။

ပထမဆုံး သူပြောတဲ့ စာအုပ်နိဒါန်း နဲ့ ဒီမိုကရေစီ ရဲ့ အခြေခံသဘော များ (၁၈ချက်) ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

နိဒါန်း

ကျွန်တော့ သူရဲကောင်းများ သို့

လွတ်မြောက်ရေး အတွက် သတ္တိရှိရှိ ရပ်တည်ပေးခဲ့သူများ အားလုံးသို့ ……

တစ်ချို့ က စစ်မြေပြင်မှာ

တစ်ခြားသူတွေ က လူအခွင့်အရေး တိုက်ပွဲ တွေမှာ

တစ်ချို့ က သူတို့ တိုင်းပြည် အတွက်

တစ်ခြားသူတွေ က သူတို့ အဖွဲ့အစည်း အတွက်

ရပ်တည်ပေးခဲ့ကြတယ်။

ဘယ်နေရာမှာ မဆို 

မနှစ်မျို့ဖွယ်ရာ ဖိနှိပ်ချုပ်ချယ် မှု တွေ ဖြစ်တိုင်း

အဲဒီမှာ ရဲဝံ့ တဲ့ စိတ်ဓာတ် ရှိသူတွေဟာ

အဲဒါတွေကို စိန်ခေါ်ပြီး

လွတ်လပ်မှု အတွက် အဖြေရှာခဲ့ကြတယ်။

ကျွန်တော် သူတို့ ကို ဦးညွတ်ပါတယ်။

သူတို့ဟာ မိန်းမဖြစ်ချင်ဖြစ်မယ်။

ယောက်ျားဖြစ်ချင်ဖြစ်မယ်။

စစ်သားဖြစ်ချင်ဖြစ်မယ်။

အရပ်သားဖြစ်ချင်ဖြစ်မယ်။

ကျွန်တော့ နှလုံးသားထဲ မှာတော့

သူတို့ဟာ သူရဲကောင်း တွေပါဘဲ။

တစ်ချို့ က အဲဒီ အဖြေ ကို သူတို့ဘဝ၊ အသက်သွေး တွေ ပေးဆပ်ပြီး ရှာပေးခဲ့တာပါ။

တစ်ချို့ ကတော့ ရက်စက်ယုတ်မာလှတဲ့ အုပ်ချုပ်သူ တွေ ရဲ့ အာဏာပြဖိနှိပ် ခြင်းတွေ ကို ဖယ်ရှားဖို့ သူတို့ ဘဝကို စတေးခဲ့ရပါတယ်။

သူတို့တွေ ကို ဒီစာအုပ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။

သမိုင်းတစ်လျှောက်လုံးမှာ ဒီသူရဲကောင်း တွေဟာ လွတ်လပ်ခြင်း အတွက် မားမား မတ်မတ် ရပ်တည်ပေးခဲ့ကြပါတယ်။

အခုချိန် မှာတော့ ဒီစိမ်ခေါ်မှုတွေကို ဖြေဆိုပေးဖို့ အတွက် ကျွန်တော်တို့ ရဲ့ အလှည့်ပါဘဲ။

ပိုပြီး ကောင်းမွန်တိုးတက်တဲ့ လွတ်လပ်မှု အတွက် ကျွန်တော် ဒီစာအုပ်ကို မျှဝေပါတယ်။

ဒီကနေ ကမ္ဘာတဝှမ်း ဒီမိုကရေစီ ပြန့်နှံ့စေရန် အထောက်အပံ့ ဖြစ်စေမယ် လို့မျှော်လင့် ပါတယ်။ ဒီစာအုပ်ရဲ့ ဖြစ်စဉ် အဆင့်ဆင့် မှာ ကူညီပေးသူ အားလုံးကို လဲ ကျွန်တော် ဂုဏ်ပြု ပါတယ်။ ကျွန်တော့ဇနီး နဲ့ ဒီ Project ပြီးမြောက်အောင် တိုက်တွန်း အားပေးပံ့ပိုး ပေးသူ မိတ်ဆွေ များ ကိုလဲ အထူးကျေးဇူးတင်ပါတယ်။

Jerry Dean Epps, Ph.D.

Marietta, Georgia, USA

မာတိကာ

အခြေခံသဘော (၁) – ဒီမိုကရေစီနည်းကျ အခြေခံဥပဒေကို တန်ဖိုးထားသော လွတ်လပ်မှုဖြင့် နေထိုင်ရသော ဘဝ သည် ပို၍ကောင်း၏။

အခြေခံသဘော (၂) – လူတိုင်း ညီတူညီမျှ ဖြစ်သည်။

အခြေခံသဘော (၃) – လူတိုင်း အရေးကြီး သည်။

အခြေခံသဘော (၄) – တစ်ခြားသူများကို မထိခိုက်သမျှ ကာလပါတ်လုံး မိမိဘဝကို နှစ်သက်သလို နေထိုင်နိုင် သည်။

အခြေခံသဘော (၅) – မဲဆန္ဒ ဖြင့် ဆုံးဖြတ်ချက်များကို ပြုလုပ်သည်။

အခြေခံသဘော (၆) – အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။

အခြေခံသဘော (၇) – မဲ အများစုရသူ အနိုင်ရသည်။

အခြေခံသဘော (၈) – လူအများစုမှ ပြဌာန်းသည့် ဥပဒေ ကို မကြိုက်သော်လည်း လိုက်နာရမည်။

အခြေခံသဘော (၉) – ပြည်သူများမှ ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို ရွေးကောက်ပွဲ တွင် မဲပေး၍ရွေးချယ် သည်။

အခြေခံသဘော (၁၀) – ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို ကိုယ်စားပြုသည်။ သူတို့ ကိုယ် သူတို့ ကိုယ်စား မပြု။

အခြေခံသဘော (၁၁) – လူတိုင်းအတွက် အခြေခံအခွင့်အရေး များကို အာမခံချက် ရှိသည်။ လူအများစု၏ မဲဆန္ဒဖြင့် အခြေခံအခွင့်အရေး များကို ရုပ်သိမ်းခွင့်မရှိ။

အခြေခံသဘော (၁၂) – ဘာသာရေးမှ ဥပဒေကို မသတ်မှတ်နိုင်။ ပြည်သူများမှသာ ဥပဒေ ကိုသတ်မှတ်နိုင်သည်။

အခြေခံသဘော (၁၃) –  မိမိ ယုံကြည်ရာဘာသာကို ကိုးကွယ်ခွင့် အား ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အာမခံချက် ပေးသည်။ ဥပဒေပြုသူများမှ မည်သည့်ဘာသာ ကို ပြည်သူများ ကိုးကွယ်ရမည်ဟု မသတ်မှတ်နိုင်စေရ။

အခြေခံသဘော (၁၄) – ရွေးချယ်တင်မြှောက်ခံထားရသည့် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူများ မှ စစ်တပ် ကို လမ်းညွန်မှု ပေးသည်။

အခြေခံသဘော (၁၅) – ရွေးချယ်ခံ ထားရ သည့် ဥပဒေပြုသူများမှအပ အခြား မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း က မျှ ဥပဒေ မပြဌာန်း နိုင်စေရ။

အခြေခံသဘော (၁၆) – ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများကို မဆန့်ကျင်ပါက ပုဂ္ဂလိကအဖွဲ့အစည်း များသည် အထူးလုပ်ဆောင် ပိုင်ခွင့် များ ရရှိနိုင်သည်။

အခြေခံသဘော (၁၇) – နိုင်ငံတော် အတွက် လုပ်ငန်းများ လုပ်ဆောင်ရန် နှင့် ဆုံးဖြတ်ချက် များချရန် စီမံခန့်ခွဲသူ များ ကို ရွေးချယ် တင်မြှောက်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ လုပ်ဆောင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းရှိ/မရှိ တရားသူကြီးများမှ ကြီးကြပ် ရမည်။

အခြေခံသဘော (၁၈) – နိုင်ငံရေးပါတီ များမှ ကွဲပြားခြားနားသော နိုင်ငံရေးရှုထောင့် များကို ကိုယ်စားပြုသည်။ ပြည်သူများသည် မိမိ ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီ ကို ထောက်ခံနိုင်သည်။

အခြေခံသဘော (၁)  – ဒီမိုကရေစီနည်းကျ အခြေခံဥပဒေကို တန်ဖိုးထားသော လွတ်လပ် မှုဖြင့် နေထိုင်ရသော ဘဝ သည် ပို၍ကောင်း၏။

ပြည်သူ လူထု များ သည် လွတ်လပ်ခြင်း ကို နှစ်သက်သည်။

အလုပ်လုပ်ရာ၊ ဈေးဝယ်ရာ၊ ပညာသင်ရာ တွင် ဒီမိုကရေစီ စနစ် ဖြင့် နေထိုင်ရခြင်းကို နှစ်သက် သည်။ အခြားသူတစ်ဦးမှ မိမိကို ဘာလုပ် ဟုစေခိုင်းခြင်း မပြုနိုင်ပါ။

အကယ်၍ တစ်ယောက်ယောက် က ဘာလုပ်လို့ စေခိုင်းတာကို နှစ်သက်ပါ သလား?

စစ်သားတွေ ညအချိန်မတော်လာပြီး ကိုယ့်ကို ခေါ်သွား မလားလို့ စိုးရိမ် စရာမလိုတာကို ပြည်သူများက လိုချင်ပါ သည်။

တကယ်လို့ စစ်သားတွေက မိသားစုထဲ ကတစ်ယောက်ယောက် ကို အဲဒီလို ခေါ်သွား ခဲ့ရင် ဝမ်းနည်း ဒေါသ ဖြစ်မှာမဟုတ်လား?

ပြည်သူများက သူတို့ရဲ့ခေါင်းဆောင် ကိုသူတို့ ရွေးချယ်ပိုင်ခွင့်ရှိတာကို လိုချင်ကြပါသည်။ ပြည်သူများသည် သူတို့ကို တရားဥပဒေနဲ့အကာအကွယ်ပေးထားခံရတာကို နှစ်သက် ကြပါသည်။ ထို့ကြောင့် ပြည်သူများသည် ဒီမိုကရေစီ စနစ်နှင့် နေ ထိုင်ခွင့်ရတာကို ပျော်ရွှင်ကြ ပါ သည်။ အလုပ်သမား၊ ကုန်သည်၊ ကျောင်းသူ/ကျောင်းသား အပါအဝင် ပြည်သူအားလုံး ၏ ဘဝ များသည် ဒီမိုကရေစီ စနစ်တွင် နေထိုင်၍ ပိုကောင်းပါသည်။

အခြေခံသဘော (၂) – လူတိုင်း ညီတူညီမျှ ဖြစ်သည်။

တစ်ခြားသူတွေ နှင့် မတူဘဲ ကွဲပြား ခြင်းသည် ဒီမိုကရေစီ စနစ်တွင် ပြသနာ မဟုတ်ပါ။

လူတိုင်း ညီတူညီမျှ ဖြစ်သည်။

မွေးရာပါ မသန်မစွမ်းဖြစ်၍ ဘီးတပ်ကုလားထိုင် သုံး ရကောင်းသုံးရမည်။

အာဖရိကန်နွယ်ဖွား အမေရိကန် ဖြစ်၍ အသားမဲကောင်းမဲ မည်။

ဒေသခံအမေရိကန် ကလေး တစ်ယောက်ကို ကြည့်ပါ။ သူ၏ အခြားသူများနဲ့ မတူ ကွဲပြားသော ဘာသာရေး ကို လူ တစ်ချို့ မှ ရီစရာ လုပ် ကောင်း လုပ်မည်။

ဒီမိုကရေစီ စနစ်တွင် “သူဟာ အသားမဲလို့ ငါတို့ နဲ့ ညီတူညီမျှ မဟုတ်ဘူး။ သူမ ဟာ မသန်စွမ်း လို့ ငါတို့ နဲ့ ညီတူညီမျှ မဟုတ်ဘူး။ ” လို့ မပြောရပါ။

နေရောင်ခြည်သည် ပြည်သူအားလုံးကို ညီတူညီမျှ အလင်းရောင်ပေးပါသည်။ အကြောင်း တစ်ခုခု နှင့် ကွဲပြား နေ သည်ကို ဂရုမစိုက်ပါ။

ဒီမိုကရေစီ စနစ်တွင် အကြောင်းတစ်ခုခု နှင့် ကွဲပြားခြားနား သော်လည်း လူတိုင်းသည် ညီတူညီမျှ ဖြစ်ပါသည်။ မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ မည်သည့်အသား အရောင် ဖြစ်စေ၊ ကျားမ မခွဲ၊ သန်စွမ်းခြင်း ရှိမရှိ မခွဲ၊ လူသား တိုင်းသည် ဒီမိုကရေစီ စနစ်တွင် သာတူညီမျှဖြစ်ပါသည်။

အခြေခံသဘော (၃) – လူတိုင်း အရေးကြီး သည်။

ကမ္ဘာမြေကြီးပေါ် တွင် မွေးဖွားလာ သောလူသားတိုင်းသည် အရေးကြီးပါသည်။ အကြောင်းမှာ လူသားအားလုံးတွင် လူ့အဖွဲ့အစည်းကို အကျိုးပြုပေးနိုင်သော အကြောင်း တစ်စုံတစ်ရာကို ပိုင်ဆိုင်ကြ၍ ဖြစ်ပါသည်။

အကယ်၍ မိမိ ပိုင်ဆိုင်သော ပင်ကိုယ်စွမ်းရည် နှင့် တွေးခေါ်မှုများကို မဝေမျှ ပါက လူ့အဖွဲ့အစည်း သည် ထိုအရာများကို အသုံးချနိုင်မည် မဟုတ်ပါ။

ထိုသို့ဆိုရင် ဝမ်းနည်း စရာ ဖြစ်ပါလိမ့်မည်။

လူအများသည် ကွဲပြားခြားနား ကြပါသည်။

 ဒေသခံအမေရိကန် ကလေး သည် ဘီးတပ်ကုလားထိုင်ပေါ် မှ မိန်းကလေး နှင့်မတူပါ။

ထိုကဲ့သို့ ကွဲပြားနေခြင်းသည် လူ့အဖွဲ့အစည်းကို ပိုမို၍ သန်စွမ်းခိုင်မာ စေပါသည်။

အကြောင်းမှာ လူတစ်ယောက်တွင် မရှိသော အရည်အချင်းကို ကျန်တစ်ယောက်မှ ဖြည့်ဆည်း ပေးနိုင်၍ ဖြစ်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားနေသော ကြောင့် လူတိုင်းတွင် မတူညီသော အရာများကို ပေးနိုင်စွမ်းရှိကြသည် ကိုသတိရပါ။

ထိုကဲ့သို့ တန်ဖိုးရှိတဲ့ ကွဲပြားခြားနားခြင်း များကို လက်လွှတ် ဆုံးရှုံးစေရန် မသင့်ပါ။

ထိုကဲ့သို့ ကွဲပြားနေခြင်းသည် လူ့အဖွဲ့အစည်းကို ပိုမို၍ သန်စွမ်းခိုင်မာ စေပါသည်။

အာဖရိကန်နွယ်ဖွား အမေရိကန် တစ်ယောက် ၌ ဒေသခံအမေရိကန် တစ်ယောက် နှင့် မတူသော အကြံတစ်ခု ရှိမည်ဟု ထင်ပါသလား?

သေချာပါသည်။ ရှိကိုရှိပါသည်။

သူတို့၏ဘဝ များသည် ကွဲပြား ခြားနားပါသည်။ သူတို့၏ အတွေ့အကြုံ များသည်လည်း မတူညီကြပါ။ ထို့အတူ ဘီးတပ်ကုလားထိုင်ပေါ် မှ မိန်းကလေး၏ အတွေ့အကြုံ သည် လည်း ဘီးတပ်ကုလားထိုင် မလိုသော တစ်ခြားသူ တစ်ဦး၏ အတွေ့အကြုံ နှင့် ကွဲပြား ပါ သည်။

လူသားတစ်ဦးချင်း၏ အရေးကြီးမှု တွင် အခြားအကြောင်း ပြချက်တစ်ခု ရှိပါသေးသည်။ အကြောင်းမှာ လူသားအားလုံး၌ အလွန်အဖိုးတန်သော “ခံစားချက်များ ၊ မျှော်လင့်ချက် များ နှင့် အိမ်မက်များ”  ရှိကြ၍ဖြစ်ပါသည်။

ထိုသို့ “ခံစားချက်များ ၊ မျှော်လင့် ချက်များ နှင့် အိမ်မက်များ”  ရှိခြင်း သည်ပင်လျှင် လူသားဖြစ်ခြင်း၏ အစိတ်အပိုင်း များဖြစ်ပါသည်။

အာဖရိကန်နွယ်ဖွား အမေရိကန် တစ်ယောက် သည်လဲ ကောင်းမွန် သော ဘဝ ကို လိုချင် မည်ဟု ထင်ပါသလား? သူ့မှာရော  “ခံစားချက်များ ၊ မျှော်လင့် ချက်များ နှင့် အိမ်မက်များ” ရှိနေမှာလား? ဒေသခံအမေရိကန် တစ်ယောက် မှာရော?

သူမှာရော  “ခံစားချက်များ ၊ မျှော်လင့် ချက်များ နှင့် အိမ်မက်များ” ရှိနေမှာလား? ဘီးတပ်ကုလားထိုင်ပေါ် မှ မိန်းကလေး သည်လဲ မိန်းကလေး ဖြစ်လို့အရေးမကြီး တော့ဘူးတဲ့လား?  သူ့မှာလဲ ခံစားချက်ရှိပါသည်။

ဘီးတပ်ကုလားထိုင်နဲ့မို့ သူမ ဟာ သည် အရေးမကြီး တော့ဘူးတဲ့လား?

ဘီးတပ်ကုလားထိုင်နဲ့ အခြားမသန်မစွမ်းသူတွေမှာရော မျှော်လင့်ချက် နဲ့ အိမ်မက်များ မရှိကြတော့ဘူးလား?

သူမ သည် ဒုက္ခိတ ဖြစ်သော်ငြားလည်း တစ်ခြားသူတွေလိုဘဲ အရေးကြီးသူဖြစ်ပါသည်။

အကြောင်းမှာ သူမသည် လူသားတစ်ယောက် ဖြစ်နေ၍ ဖြစ်ပါသည်။

လူတစ်ယောက်သည် တစ်ခြားတစ်ယောက်ထက် ပိုပြီး အရေး ကြီးသည် ဟု မရှိပါ။

လူတစ်ယောက်သည် တစ်ခြားတစ်ယောက် နှင့် ကွဲပြားခြားနားပါသည်။

လူတစ်ဦးချင်းစီမှာ “ခံစားချက်များ ၊ မျှော်လင့် ချက်များ နှင့် အိမ်မက်များ”  ရှိပါသည်။

ဒီမိုကရေစီ စနစ်တွင် လူတိုင်းသည် အရေးကြီးသူ ဖြစ်ပါသည်။

နေရောင်ခြည်သည် ပြည်သူအားလုံးကို အလင်းရောင်ပေးပါသည်။

အခြေခံသဘော (၄) – တစ်ခြားသူများကို မထိခိုက်သမျှ ကာလပါတ်လုံး မိမိဘဝကို နှစ်သက်သလို နေထိုင်နိုင် သည်။

ကလေးတစ်ယောက် ပန်းပင်စိုက်နေခြင်းသည် သူပျော်တာကို လုပ်နေ ခြင်းဖြစ်ပါသည်။

သူမ ပန်းပင်စိုက်နေခြင်းသည် ဘယ်သူ့ကိုမှ မထိခိုက် ပါ။ ဒီမိုကရေစီ စနစ်တွင် နေထိုင်ခြင်းကြောင့် သူမ အပင်စိုက် တာကို အစိုးရဆီမှာ ခွင့်တောင်းစရာ မလိုပါ။ အစိုးရအဖွဲ့ထဲ က တစ်ဦး တစ်ယောက်က သူမ ကို မကြိုက်ပါကလဲ သူမ ပန်းဆက် စိုက်နေလို့ရပါသည်။ ပန်းပင်စိုက်ခြင်းသည် တစ်ခြား တစ်ယောက်ကို မထိခိုက်ပါက သူမ ကြိုက်သလို စိုက်နိုင် ပါသည်။

အချို့ နိုင်ငံများ တွင် – လက်သမား ဖြစ်ပြီး မိမိ အိမ်ကို မိမိ ဆောက်နိုင် ရန် အစိုးရအဖွဲ့ထဲ၌  အသိမိတ်ဆွေရှိရပါမည်။ မရှိပါက မိမိအိမ်ကို မိမိ ဆောက်နိုင်ရန် အခွင့် မရှိပါ။

ဒီမိုကရေစီ စနစ်မှာ ဆိုရင်တော့ တစ်ဦးတစ်ယောက်ကို မထိခိုက်လျှင်၊အန္တရာယ်ကင်းလျှင် ကိုယ်ကြိုက်ရာ အလုပ်ကို လုပ်နိုင်ပါသည်။

ဆရာဝန် ဆိုတာ တစ်ဦးတစ်ယောက် ကို ထိခိုက်စေနိုင်ပါသလား?

မထိခိုက်ပါ။

ထို့ကြောင့် လူတစ်ယောက်သည် ဆရာဝန်ပညာကို ဆည်းပူးနိုင်သည်။ စာမေးပွဲ များ အောင်ရမည် ။ ပြီးလျှင် ဆရာဝန်အဖြစ် ပျော်နေနိုင်သည်။

မည်သူကမျှ မင်းဆရာဝန် မလုပ်ရ လို့ မပြောနိုင်ပါ။

တစ်ခြားသူတွေကို မထိခိုက်သမျှ စိတ်ကြိုက်ဘာသာရေး ကို ကိုးကွယ်နိုင်သည်။

တစ်ခြားသူတွေကို မထိခိုက်သမျှ နှစ်သက်တဲ့ ဘာသာစကားကို ပြောဆိုနိုင်သည်။

ဒီမိုကရေစီစနစ်တွင် တစ်ခြားသူတွေကို မထိခိုက်သမျှ သဘောကျ နေထိုင် ခွင့်ရှိပါ သည်။

အခြေခံသဘော (၅) – မဲဆန္ဒ ဖြင့် ဆုံးဖြတ်ချက်များကို ပြုလုပ်သည်။

တစ်ခါတစ်ရံ ဘာလုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အတော်ခက်တတ် ပါသည်။

တစ်နေ့ စာသင်ခန်းထဲ က ကလေးတွေမှာ တစ်ချို့က ဘော်လုံးကစားချင်သည်။ တစ်ချို့က ခံတပ် ဆောက်တမ်း ကစားချင်သည်။

တစ်ချို့ က အဲဒါတွေ မလုပ်ဘဲ လမ်းလျှောက်ပြီး စိတ်ဝင်စားစရာ ပိုးကောင်လေးတွေ ဖမ်းချင်သည်။

ဆရာက အတန်းတစ်တန်းလုံး စုပြီး တစ်ခု ဘဲလုပ်ရမည်ဟု ပြောသည်။

သူတို့ ဘယ်လို ဆုံးဖြတ်ကြမလဲ?

အတန်းထဲ က ချမ်းသာတဲ့ ကလေး တွေက ကစားချင်တာကို အားလုံးကလိုက်ပြီး ကစားရမလား?

လက်သီးထိုး ပြီး နိုင်တဲ့သူ က ကစားချင်တာကို အားလုံးကလိုက်ပြီး ကစားရမလား?

အတန်းထဲက အသက်အကြီးဆုံး (သို့မဟုတ်) အတော်ဆုံး ကလေးက ကစားချင်တာကို အားလုံးကလိုက်ပြီး ကစားရမလား?

အထက်ပါ နည်းများမှ မည်သည့်ရွေးချယ်နည်းကို အကြိုက်ဆုံးဖြစ်ပါသလဲ?

အများအားဖြင့် ဆိုလျှင် ပိုက်ဆံ အရှိဆုံးသူ၊ အတော်ဆုံးသူ၊  လက်သီးထိုး အကောင်း ဆုံးသူ များမှ  ဆုံးဖြတ်ခြင်း ကို လက်ခံချင်စိတ်ရှိကြမည် မဟုတ်ပါ။

ဒီမိုကရေစီ စနစ်တွင် ဆုံးဖြတ်ချက်ချ စရာရှိပါက မဲဆန္ဒပေး၍ ဆုံးဖြတ်ချက်ချကြပါသည်။

ထိုသို့ မဲပေး၍ ဆုံးဖြတ်ချက်ချ သောအခါတွင် သွေးထွက်သံယိုမှု များကို ရှောင်ရှားနိုင် ပါသည်။ ပြည်သူများ အားလုံး၏ အသံကို ကြားနိုင်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီ စနစ်တွင် မဲဆန္ဒ ဖြင့် ဆုံးဖြတ်ချက်များကို ပြုလုပ်ပါသည်။

အခြေခံသဘော (၆) – အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။

ဒီမိုကရေစီစနစ်တစ်ခုတွင် မဲဆန္ဒပေး၍ ဆုံးဖြတ်ချက်ပေးရမည့် အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည့် အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့် ရှိသည်။

အရွယ်ရောက်၍ အတွေ့အကြုံရှိသူတိုင်း မဲပေးခွင့်ရှိသည်ဟု ပြောလေ့ရှိသည်။

အရွယ်ရောက်သူတိုင်း အားလုံး မဲပေးခွင့်ရသင့်သည် ဟုထင်ပါသလား?

စစ်တပ် နှင့် သဘောထားခြင်း မတိုက်ဆိုင်သူများရော မဲပေးခွင့် ရှိသင့်ပါသလား?

ဆင်းရဲသူများရော မဲပေးခွင့် ရှိသင့်ပါသလား?

မသန်မစွမ်း သူများရော မဲပေးခွင့် ရှိသင့်ပါသလား?

ဒီမိုကရေစီစနစ်တစ်ခုတွင် အရွယ်ရောက်သူ တစ်ဦးသည် ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ စစ်တပ် နှင့်သဘော ညီသည် ဖြစ်စေ၊ မညီသည်ဖြစ်စေ အရွယ်ရောက်သူတိုင်း မဲတစ်ပြား ပေးခွင့်ရှိသည်။

အထက်ပါပုံသည် ကျောင်းတွင်းရွေးကောက်ပွဲ ဖြစ်ပါသည်။

ဒီမိုကရေစီ စနစ်နှင့် အညီ ကျင်းပသော ရွေးကောက်ပွဲ ဖြစ်ပါသည်။

ဘီးတပ်ကုလားထိုင် နှင့် မိန်းကလေး လဲ မဲပေးခွင့်ရှိသည်။

အမဲရောင်မိန်းကလေးလဲ မဲပေးခွင့်ရှိသည်။

လူတိုင်း မဲတစ်ပြား ပေးခွင့်ရှိသည်။

မည်သည့်လူမျိုးမဆို၊ မည့်သည့်ဘာသာကို ကိုးကွယ်သူမဆို မဲပေးပိုင်ခွင့်ရှိသည်။

ဒီမိုကရေစီစနစ်တစ်ခုတွင် မဲပေးခွင့်ရှိ တိုင်းညီတူညီမျှ အရေးကြီးသည် ဟု အထက်တွင်ပြောခဲ့သည် ကို သတိရပါ။

မဲဆန္ဒရှင် တစ်ဦးသည် အခြားမဲဆန္ဒရှင် တစ်ဦးထက် အထူးအခွင့်အရေး ပို၍မရှိပါ။

နေမင်းကြီး သည် လူတိုင်းကို ညီမျှသော အလင်းရောင် ကိုပေးသည်။

လူအများနှင့် ကွဲပြားခြားနား နေသောသူများ ပင်လျှင် မဲပေးခွင့် ရှိသည်။

အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။

အခြေခံသဘော (၇) – မဲ အများစုရသူ အနိုင်ရသည်။

စာသင်ခန်းတစ်ခုထဲ တွင် ကျောင်းသား အနည်းစုက တစ်တန်းလုံးကို ဘာလုပ်ပါ ဟုခိုင်းပါက ကျန်အများစုမှ ကြိုက်ကြပါမည်လား?

အကယ်၍ ဆရာမှ တတန်းလုံးကို ပုံပြင်နားထောင်မလား၊ တစ်ခုခု ကစားမလား ဟု မေးသည် ဆိုပါစို့။

ထိုအခါတွင် ကျောင်းသားအနည်းစုမှ သူတို့လိုရာဖက်သို့ ရစေရန် တစ်တန်းလုံးကို ဖုံးလွှမ်းသွားအောင် အသံအကျယ်ကြီးဖြင့် အော်ကောင်းအော်မည်။

ကျောင်းသားအများစု လုပ်ချင်ရာကို လုပ်ခြင်းက ပို၍ တရားမျှတမည် မဟုတ်ပါလား?

ထိုကဲ့သို့တရားမျှတခြင်းသည်ပင်လျှင် ဒီမိုကရေစီနည်း ဖြစ်ပါသည်။

ဆရာမှ အတန်းသားများ၏ ဆန္ဒကို ရယူလျှင် ကျောင်းသားအများစု ကြိုက်သော အရာမှ အနိုင်ရပေလိမ့်မည်။

အများစု၏ဆန္ဒမှ အနိုင်ရသည်။

အထက်ပါပုံတွင် ဘယ်သူတွေက အများစုဖြစ်ပါသလဲ?

ပြုံးနေသောမျက်နှာတွေက ပိုများသလား? မဲ့နေသောမျက်နှာတွေက ပိုများသလား?

တစ်နည်းပြောရလျှင် ဘယ်သူ့ရဲ့ မဲဆန္ဒက အနိုင်ရပါသလဲ?

ပြုံးနေသော မျက်နှာဘယ်နှစ်ယောက်ရှိပါသလဲ? မဲ့ နေသော မျက်နှာဘယ်နှစ်ယောက် ရှိပါသလဲ? မဲ့နေသောမျက်နှာ ပိုပြီးများလျှင်ရော?

ဒီမိုကရစီ စနစ်တစ်ခုတွင် မဲ အများစုရသူမှ အနိုင်ရသည်။

အခြေခံသဘော (၈) – လူအများစု၏မဲဆန္ဒဖြင့် ပြဌာန်းသည့် ဥပဒေ ကို မကြိုက် သော်လည်း လိုက်နာရမည်။

အများစု၏မဲဆန္ဒဖြင့် အတည်ပြုထားသော ဥပဒေများကို လူတိုင်းမှ လိုက်နာရမည်။

မဲ့နေသောမျက်နှာဖြင့် လူနှစ်ဦးသည် ပြုံးနေသောမျက်နှာရှင် လူအများစု က အတည်ပြုထားသော ဥပဒေကို လိုက်နာကြလိမ့်မည် ထင်ပါသလား?

တိုင်းသူပြည်သား အချို့တဝက်ကသာ ဥပဒေကို လေးစားလိုက်နာကြရမည်ဟု ဆိုလျှင် အရှုပ်အထွေးများ ဖြစ်လာပြီး တရားမျှတမှုရှိမည် မဟုတ်ပါ။

အကယ်၍တိုင်းသူပြည်သားအချို့ သည် ဝင်ငွေခွန်ကဲ့သို့ ဥပဒေမျိုးကို လိုက်နာစရာမလို လျှင် ကျန်တိုင်းသူပြည်သားများသည် ဝင်ငွေခွန်ပိုဆောင်း၍ အစားပေးကြရမည် ဖြစ်ပါ သည်။ ထိုသို့ပေးရခြင်းသည် မတရားမှုဖြစ်ပါသည်။ အကယ်၍ လူတစ်ယောက်ကသာ “ငါ့ကားကို လိုင်စင် မလုပ်ချင်လို့ လိုင်စင် မလုပ်ဘူးကွာ” ဆိုလျှင်ရော။

ထိုကဲ့သို့ဆိုလျှင်တော့ ပြသနာများဖြစ်လာနိုင်ပါသည်။

တစ်ယောက်ယောက်က ဈေးဆိုင်တစ်ဆိုင်မှ ပိုက်ဆံများကို အလစ်သုတ်ပြီး လိုင်စင်နံပါတ် မရှိသောကားနှင့် ထွက်ပြေးကောင်းပြေးနိုင်သည်။ လိုင်စင်လုပ်မထားသောကားကို ရဲဌာနမှ လည်း ရှာနိုင်မည်မဟုတ်ပါ။

ပြသနာတွေ အများကြီး ဖြစ်ပါသည်။

ဆက်၍ပြောရလျှင် ဥပဒေကို မည်သူတွေက လိုက်နာ ရမည်။ မည်သူတွေက လိုက်နာရန် မလို ဟု မည်ကဲ့သို့ ဆုံးဖြတ်ကြပါမည်နည်း?

ထိုကဲ့သို့သောမေးခွန်း အရှုပ်အထွေးများကို ရှင်းရှင်းလင်းလင်းဖြေရှင်းမှသာ ကောင်းပါ လိမ့်မည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် လူတိုင်းဥပဒေကို လိုက်နာကြရပါသည်။ လူအများစု၏ မဲဆန္ဒ ဖြင့် ဥပဒေတစ်ခုကို ပြဌာန်းထားခဲ့လျှင် လူတိုင်းကလိုက်နာကြရပါမည်။

ထိုဥပဒေကို မထောက်ခံခဲ့ကြသူများ ပင်လျှင် ဥပဒေကို လိုက်နာရပါသည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြောလေ့ ပြောထရှိသော စကားတစ်ခုမှာ “ဥပဒေ၏ အထက် တွင် မည်သူမှမရှိ” ဟုဖြစ်ပါသည်။

ဥပဒေကို လိုက်နာစရာ မလိုဟု အထင်ရောက်နေသောသူကို တွေ့ဘူးပါသလား?

မိမိကိုယ်မိမိ ဥပဒေ၏ အထက်တွင်ရှိသည်ဟု ထင်နေသူမျိုးကိုရော တွေ့ဘူးပါသလား?

အကယ်၍ လူအချို့ကို ဥပဒေ မလိုက်နာခွင့်သာ ပေးခဲ့ပါလျှင် ဥပဒေကို လိုက်နာရန် လိုသူ များနှင့် ဥပဒေကို လိုက်နာရန် မလိုသူများ ကို ခွဲခြားမှတ်သားထားရန် အလွန်ခက် ပါသည်။ ဥပဒေများသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက်ဖြစ်ပါသည်။

တိုင်းသူပြည်သားအများစုက ဥပဒေကိုလိုက်နာနေကြရမည်ဆိုလျှင် လူအချို့ကို ဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်းမှာ မတရားမှုဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ဥပဒေကို မကြိုက်လျှင် တောင်မှ လိုက်နာရပါမည်။

ပုံတွင်ပါသည့် ဥပဒေကို ကြိုက်နှစ်သက်၍ ပြုံးရွှင်နေသောသူ ၄ယောက်သည်လည်း ဥပဒေကို လိုက်နာရပါမည်။ ဥပဒေကို မကြိုက်၍ မဲ့နေသောသူ ၂ယောက်သည်လည်း ဥပဒေကို လိုက်နာရပါမည်။

ဒီမိုကရေစီ စနစ်တွင် လူတိုင်း ဥပဒေကို လိုက်နာကြရပါမည်။

အခြေခံသဘော (၉) – ပြည်သူများမှ ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို ရွေးကောက်ပွဲ တွင် မဲပေး၍ရွေးချယ် သည်။

အထက်ပါပုံတွင် မဲပေးရန်အတွက် လူအမြောက်အများ စုဝေးနေကြသည်ကို တွေ့ရပါမည်။ ထိုမဲဆန္ဒရှင်များသည် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို ရွေးချယ်တင်မြှောက် ရန်အတွက် မဲပေးကြပါလိမ့်မည်။ လူတိုင်းက သူတို့၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ခံရလိမ့်မည် ဟု မျှော်လင့်ကြပါသည်။ ဥပဒေပြုသူများကလည်း လူထုကိုအကျိုး ပြုမည့် ဥပဒေများကို ပြဌာန်းရန်လိုပါသည်။ စီမံခန့်ခွဲသူများကလဲ ထိုဥပဒေများကို သုံး၍ နိုင်ငံကို စီမံခန့်ခွဲကြရပါမည်။ မြို့များတွင် မီးများလင်းအောင် ဆောင်ရွက်ပေးရပါမည်။ ကျေးရွာများတွင် လမ်းများဖောက်၍ လယ်သမားများသီးနှံများကို ဈေးကွက်သို့ တင်ပို့ နိုင်ရန် အတွက် ဆောင်ရွက်ပေးရပါမည်။ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ချောမွေ့ စွာ လည်ပါတ်နိုင်ရန်အတွက် စီမံခန့်ခွဲမှု အများကြီးလုပ်ရပါသည်။ ကျောင်းစာသင်ခန်း အဆောက်အဦ များကို ပြုပြင်ထိန်းသိမ်း ရပါမည်။ ကျောင်းဆရာများကို လစာပေး၍ ခန့် ထားကြရပါသည်။

ဥပဒေပြုသူများနှင့် ဥပဒေကို သုံး၍နိုင်ငံ့အဖွဲ့အစည်းကို စီမံခန့်ခွဲသူများဟူ၍ရှိပါသည်။ ထိုအလုပ်များသည် အလွန်အရေးကြီးသောအလုပ်များ ဖြစ်ပါသည်။ မည်သူတွေက ဥပဒေကို ချမှတ်ပြဌာန်း၍ မည်သူတွေက နိုင်ငံ အဖွဲ့အစည်းကို စီမံခန့်ခွဲပါမည်နည်း။

ထိုဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲတွင် ဆုံးဖြတ်ကြပါလိမ့်မည်။

တစ်ချို့ကတော့ သူတို့၏မိတ်ဆွေများကို ဥပဒေပြုစေချင်၊ စီမံခန့်ခွဲစေချင် ကြပါလိမ့်မည်။

ထို့ကြောင့် သူတို့၏မိတ်ဆွေများကို သူတို့က မဲပေးကြပါ လိမ့်မည်။ သူတို့ရဲ့ မိတ်ဆွေ များက သူတို့ကို အထူးအခွင့်အရေးပေးသည် ဟုထင်ကြပါလိမ့် မည်။ တစ်ချို့ ပြည်သူ များကတော့ စစ်တပ်ကိုသဘောကျ၍ ထိုအရေးကြီးသောအလုပ်နှစ်မျိုးအား စစ်တပ်မှ လုပ်စေရန် ဆန္ဒရှိပါလိမ့်မည်။ သို့သော် စစ်တပ်သည် ပြည်သူလူထုတစ်ရပ်လုံးကို တရား မျှတမှု ပေးကောင်းမှ ပေးနိုင်ပါမည်။

အခြားတစ်နည်းဖြင့် လယ်သမားများက ထိုအရေး ကြီး သော အလုပ်များကို လုပ်ရပါမူ သူတို့က မြို့နေလူတန်းစား များအတွက် အကျိုးရှိစေမည့် ဥပဒေများကို မပြဌာန်းဘဲ လျစ်လျူရှူကောင်း ရှူပါလိမ့်မည်။

နိုင်ငံတော်အစိုးရ၏ ရာထူးများတွင် မည်သူများသည် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသလဲ ဆိုခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်တစ်ခုတွင် ရွေးကောက်ပွဲများသည် အလွန်ကြီးကျယ်သော ကိစ္စကြီးများဖြစ်ပါသည်။ ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူများ၏အသံ ကိုကြားရသော နေရာဖြစ်သည်။

တရားမျှတသောစကားကို ဆိုရပါလျှင် မဲဆန္ဒရှင်များအားလုံးက မဲပေး၍ မည်သူက ဥပဒေများကိုပြဌာန်းမည်။ မည်သူက နိုင်ငံကို အုပ်ချုပ်မည်တို့ကို ရွေးချယ်ရပါမည်။ မဲပေးမှုများပြီးဆုံးလျှင် ရွေးကောက်ပွဲတွင် မည်သူက အနိုင်ရသည်ကို သိရပါလိမ့်မည်။ အများစု၏မဲဆန္ဒဖြင့် “မည်သူက ဥပဒေပြုသူအဖြစ် ရွေးချယ်ခံရသည်။ မည်သူက စီမံ ခန့်ခွဲသူ အဖြစ် ရွေးချယ်ခံရသည်” ကိုတွေ့ရပါမည်။ လူတိုင်းကတော့ ရွေးချယ် တင်မြှောက်ခံရသူ စာရင်း ကြေညာချက်ကို ဝမ်းသာစွာကြိုဆိုကြမည် မဟုတ်ပါ။ အချို့ကိုယ်စားလှယ်လောင်းများ အနိုင်ရ၍ အချို့ကိုယ်စားလှယ်လောင်းများ ရှုံးကြ ပါလိမ့်မည်။ သို့သော် လူတိုင်းအတွက် သူတို့နှစ်သက်ရာ ကိုယ်စားလှယ်ကို မဲပေးဖို့ စည်းရုံးခွင့်၊ ပြည်သူလူထုကို စကားပြောခွင့် အခွင့်အရေး ရခဲ့ကြပြီး ဖြစ်ပါသည်။

ဒီမိုကရေစီ စနစ် တစ်ခုတွင် လူတိုင်းလူတိုင်း မိမိ နှစ်သက်ရာ ကိုယ်စားလှယ်ကို မဲပေး အောင် လူအများကို စည်းရုံးခွင့် ညီတူညီမျှ အခွင့်အရေးရှိပါသည်။ ထို့အပြင် ဒီမိုကရေစီ စနစ်တွင် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို လူတိုင်းမှ မဲပေး၍ ရွေးချယ်ခွင့် ရှိပါ သည်။ မှန်ပါသည်။ မဲအများစုရသူကသာ အနိုင်ရစတမ်း ဖြစ်ပါသည်။

အခြေခံသဘော (၁၀) – ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို ကိုယ်စားပြုသည်။ သူတို့ ကိုယ် သူတို့ ကိုယ်စား မပြု။

ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို အလေးထားသည်။ ပြည်သူများ၏ အသံကို ကြားချင်သည်။ အချို့စီမံ ခန့်ခွဲသူများနှင့် ဥပဒေပြုသူများသည် ပြည်သူများကို မကြိုက်ပါ။ ပြည်သူများသည် သူတို့၏ နှလုံးသား ထဲတွင် မရှိပါ။ သူတို့တစ်တွေသည် ကောက်ကျစ်သူများ၊ အတ္တကြီးသူများ ဖြစ်ကောင်းဖြစ်မည်။ သို့သော် ကောင်းသော ကိုယ်စားလှယ်များ မှာတော့ သနားကြင်နာစိတ် ရှိကြပါသည်။ သူတို့၏ နှလုံးသား ထဲတွင် ပြည်သူများရှိသည်။ သူတို့က ပြည်သူများကို စာရေးအသိပေးဖို့ ၊ အီးမေး ဖြင့် ဆက်သွယ်ဖို့ ပန်ကြားပါမည်။  ပြည်သူအများ၏ လိုအပ်ချက်ကို သူတို့ သိ ချင်ကြပါသည်။ ပြည်သူများကို ဘယ်လိုကူညီ ရမလဲ ဆိုတာကို သူတို့ သိချင်ကြပါသည်။

မကောင်းသော စီမံခန့်ခွဲသူများနှင့် မကောင်းသော ဥပဒေပြုသူ များအကြောင်း ကို ကြားဘူးကြပါလိမ့်မည်။ သူတို့ တစ်တွေကတော့ ပြည်သူ့ ဘဏ္ဏာငွေတွေ နှင့် တန်ဖိုးကြီးသောကားတွေ ဝယ်ပြီးစီးကြပါမည်။ ဧရာမကိုယ်ပိုင်အိမ်ကြီးတွေ ဆောက်၍နေကြပါလိမ့်မည်။ ထိုအချက်များက သူတို့သည် ပြည်သူအများကို ဂရုမစိုက်ကြောင်းပြပါသည်။ သူတို့တစ်တွေ ကို “စိတ်နှလုံးကောင်းမရှိသူများ” ဟုခေါ်ပါသည်။ ဥပဒေပြုသူကောင်းများ၊ စီမံခန့်ခွဲသူကောင်းများ ကတော့ “စိတ်နှလုံးကောင်း ရှိသူများ” ဟု ခေါ်ပါသည်။ ပြည်သူများ၏ ကလေးငယ်များအတွက် ကျောင်းကောင်းကောင်း လိုသည်ဟူသော ပြည်သူများ၏ အသံကို စီမံခန့်ခွဲသူကောင်းများ နှင့် ဥပဒေပြုသူကောင်းများ ကသာလျှင်သိပါသည်။ ပြည်သူပြည်သား မိသားစုများသည် ဆရာဝန် များနှင့် သူနာပြုများ လိုအပ်ပါသည်။ လယ်သမားများကတော့ အထွက်တိုး သီးနှံများ စိုက်ပျိုးဖို့နှင့် သူတို့၏မွေးမြူထားသော တိရိစ္ဆာန်များ ကျန်းမာရေး ကောင်းဖို့ အကူအညီလိုအပ်ပါသည်။ လမ်းတွေဖောက်ဖို့ ပြုပြင်ထိန်းသိမ်းဖို့ လိုပါသည်။

ထိုလိုအပ်ချက်များအားလုံးသည် အရေးကြီးပါသည်။ မကောင်းသော စီမံခန့်ခွဲသူများနှင့် မကောင်းသော ဥပဒေပြုသူ များသည် ပြည်သူများ၏ လိုအပ်ချက်များကို ဂရုမထားကြပါ။ သူတို့၏ကောင်းစားရေးနှင့် သူတို့မိတ်ဆွေများ ကောင်းစားရေးသည်သာ အဓိက ဖြစ်ပါ သည်။ ပြည်သူများ၏အသံကိုလဲ သူတို့မကြားချင်ကြပါ။ ထိုကဲ့သို့ပြုမူနေကြခြင်းသည် မှားယွင်းပါသည်။ သူတို့ကို ရွေးချယ်တင်မြှောက်ခဲ့ခြင်းမှာ သူတို့ကောင်းစားရေးအတွက် လုပ်ရန်မဟုတ်ပါ။ ပြည်သူလူထုကို အလုပ် အကျွေး ပြုဖို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအကြောင်းကြောင့် ပြည်သူအများ၏အသံကို ပြည်သူ့ကိုယ်စားလှယ်များက ကြားရပါ မည်။ ထို့နောက် ပြည်သူလူထုအများစု၏ ဘဝ တိုးတက်ကောင်းမွန်စေမည့် နည်းနာ အတိုင်း ဥပဒေကိုချမှတ်ရပါမည်။ စီမံခန့်ခွဲမှုများ ပြုလုပ်ရပါမည်။ ဒီမိုကရေစီ စနစ် တစ်ခု တွင် ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများသည် ပြည်သူများ၏ အသံကို ကြားချင်ကြပါ သည်။ သူတို့၌ စိတ်နှလုံးကောင်းရှိကြသည်။ သူတို့က ပြည်သူတွေကို ဂရုစိုက်သည်။

အခြေခံသဘော (၁၁) – လူတိုင်းအတွက် အခြေခံအခွင့်အရေး များကို အာမခံချက် ရှိသည်။ လူအများစု၏ မဲဆန္ဒဖြင့် အခြေခံအခွင့်အရေး များကို ရုပ်သိမ်းခွင့်မရှိ။

အချို့သော အခြေခံအခွင့်အရေးများသည် ဒီမိုကရေစီစနစ်တစ်ခုတွင် အလွန်အရေးကြီး ပါသည်။ ထို့ကြောင့် ထိုအခွင့်အရေးများကို လူအများစု၏ မဲဆန္ဒဖြင့်ပင် ရုပ်သိမ်းခွင့်မရှိပါ။ ထိုအခြေခံ အခွင့်အရေးတစ်ချို့ကို အထက်ပါပုံ တွင် သရုပ်ဖော်ပြထားပါသည်။

လူစုလူဝေးဖြင့် စုစည်းခွင့်သည် အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရကတော့ ထိုအခွင့်အရေးကို မကြိုက်လျှင် တောင်မှ ထိုအချက်သည် အခြေခံအခွင့် အရေး ဖြစ်ပါသည်။

နောက်အခွင့်အရေးတစ်ရပ်ကတော့ မဲဆန္ဒပေးပိုင်ခွင့်ဖြစ်ပါသည်။

နောက်တစ်ရပ်ကတော့ ပျော်ရွှင်မှုကို ရှာဖွေခွင့် ဖြစ်ပါသည်။

နောက်အခွင့်အရေးတစ်ရပ်မှာ လွတ်လပ်စွာပြောဆိုခွင့် ဖြစ်ပါသည်။ လွတ်လပ်စွာ ပြော ဆိုခွင့် ဆိုသည်မှာ သတင်းစာများမှရေးချင်ရာကို ရေးခွင့်ရှိခြင်းဖြစ်ပါသည်။

နိုင်ငံတော်အစိုးရကို ဝေဖန်သောစာများကိုလည်း သတင်းစာတွင်ရေးခွင့် ရှိရပါမည်။ ထိုအချက်သည်ပင် ဒီမိုကရေစီစနစ် ဖြစ်ပါသည်။

အကယ်၍ လူအများစုက ဆံပင်နီကြောင်ကြောင်ရှိသူများ မဲပေးခွင့်မရှိစေရ ဟု ဥပဒေပြဌာန်းသည် ဆိုပါစို့။ ထိုကဲ့သို့ ပိတ်ပင်ခြင်းကို ဒီမိုကရေစီစနစ်တွင် ခွင့်မပြုပါ။

မဲဆန္ဒပေးခြင်းသည် အခြေခံအခွင့်အရေး ဖြစ်သောကြောင့်  လူအများစုမှနေ၍ “ငါတို့က လူအများစု ဒါကြောင့် မျက်လုံး အပြာရောင်ရှိသူတွေ လူစုလူဝေး မလုပ်ရ” ဟုပြောလာနိုင်ပါသည်။ သူတို့ လူအများစုဖြစ်သည် ဆိုခြင်းမှာ အမှန်တကယ် ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ဒီမိုကရေစီစနစ်တွင် အခြေခံအခွင့်အရေးများကို မဲဆန္ဒဖြင့် ရုပ်သိမ်းခြင်း မပြုနိုင်ပါ။ လူစုလူဝေး နှင့် စုဝေးခွင့်သည် အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ ယေဘူယျအားဖြင့် လူအများစု၏မဲအများစုက အနိုင်ရပါသည်။ သို့သော်ငြားလည်း ပြည်သူများ၏အခြေခံအခွင့်အရေးများကို မဲအများစုဖြင့်ပင်လျှင် ရုပ်သိမ်းခွင့် မရှိပါ။

အခြေခံသဘော (၁၂) – ဘာသာရေးမှ ဥပဒေကို မသတ်မှတ်နိုင်။ ပြည်သူများမှသာ ဥပဒေ ကိုသတ်မှတ်နိုင်သည်။

ကိုးကွယ်ရာဘာသာများမှ ဥပဒေကိုပြဌာန်းခြင်းမပြု။

ပြည်သူများကသာ ဥပဒေကိုပြဌာန်း သည်။

ကမ္ဘာ့နိုင်ငံ အချို့တွင် လူအများစု ကိုးကွယ်ယုံကြည်ရာ ဘာသာရေး တစ်ခုမှ ဥပဒေများ ပြဌာန်းခဲ့ကြ၍ နိုင်ငံသူ/သား များက ထိုဥပဒေကို လိုက်နာခဲ့ကြရသည်။ ထိုနိုင်ငံများကို ဒီမိုကရေစီ နိုင်ငံများဟု မခေါ်ခဲ့ကြပါ။

ထိုဘာသာရေးကို မကိုးကွယ်၊ မလိုက်စားသော လူများအတွက် ထိုဥပဒေများကို လိုက်နာ ရန် အလွန်အခက်တွေ့ခဲ့ကြရပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအများအပြား တွင် ဖန်တီးရှင် ဘုရားသခင်က လူသားများကို မည်သို့နေထိုင် စေရန်အလိုတော် ရှိသည် ကို စိတ်ကူးများ အမျိုးမျိုးကွဲပြားကြပါသည်။ ဘုရားသခင်က လူသားများဘာကို လုပ်ဖို့ အလိုတော်ရှိသည်ဆိုကို သဘောမတူနိုင်ကြပါ။ လူအများစုက သူတို့ဘုရားသခင်၏ အမြင်သည်မှန်၍ အခြားသူများ၏ ဘုရားသခင်၏ အလိုတော် အပေါ် အမြင်သည် မှားယွင်းသည်ဟု အကြိမ်ပေါင်း များစွာပင် သဘောထား ကွဲလွဲ ခဲ့ကြပါသည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြည်သူများအတွက် ဥပဒေကို ကိုးကွယ်ရာဘာသာများမှ ပြောဆိုခွင့်မရှိပါ။ တစ်နိုင်ငံလုံး ၏မဲဆန္ဒဖြင့်သာ ဆုံးဖြတ်ရပါမည်။ ထိုသို့ပြုလုပ်လျှင် ဘာသာရေးမှ မည်သည့် ဥပဒေကိုမျှ ပြည်သူများ လိုက်နာရမည်ဟု မပြောနိုင်တော့ပါ။ ဘာသာရေးတစ်ခု ကို ယုံကြည်ကိုးကွယ်သူများ သည် မိမိတို့၏ဆန္ဒအလျှောက် မိမိတို့ ဘာသာရေးကို ကိုးကွယ်ယုံကြည်နိုင်သော်လည်း အခြားသူများကိုပါ ထိုကဲ့သို့ ကျင့်ကြံ ရမည် ဟူ၍ အတင်းဓမ္မ ဥပဒေ မပြုရပါ။ ပြည်သူအများသည် မိမိတို့ယုံကြည်ရာ ဘာသာ ကို ကိုးကွယ်နိုင်ပါသည်။ သို့သော်ငြားလည်း သူတို့၏ဘာသာ ကို သုံး၍ အခြားသူများကို ထိန်းချုပ်ခြင်းမပြုရပါ။ ဒီမိုကရေစီစနစ် တစ်ခုတွင် ပြည်သူများမှသာ ဥပဒေကို ပြဌာန်း ပါ သည်။ ဘာသာရေးမှ ဥပဒေကို မပြဌာန်းပါ။

အခြေခံသဘော (၁၃) –  မိမိ ယုံကြည်ရာဘာသာကို ကိုးကွယ်ခွင့် အား ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အာမခံချက် ပေးသည်။ ဥပဒေပြုသူများမှ မည်သည့်ဘာသာ ကို ပြည်သူများ ကိုးကွယ်ရမည်ဟု မသတ်မှတ်နိုင်စေရ။

မည်သူကမျှမည်သည့်ဘာသာကို ကိုးကွယ်ရမည်ဟု အမိန့်မပေးရပါ။

ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုးကွယ်ယုံကြည်ရာ ဘာသာအမျိုးမျိုး ရှိနိုင်ပါသည်။

အဘယ်ကြောင့်နည်း?

အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း မိမိယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိသောကြောင့် ဖြစ်ပါသည်။ ပြည်သူအများသည် ကွဲပြားသော ဘာသာအမျိုးမျိုးကို အလိုရှိပါသည်။ ပြည်သူအများသည် မိမိယုံကြည်ရာကို စိတ်အားထက်သန်စွာ ကိုးကွယ်တတ်ကြပါသည်။ လူအချို့က ဘာသာရေး အဆုံးအမ များဖြင့်ဆုံးမသော ဘာသာရေးကို ကိုးကွယ်ချင်ကြ သည်။ အချို့ကတော့ ဆုတောင်းတွေအများကြီးတောင်းရသော ဘာသာကို ကိုးကွယ်ချင် ကြ သည်။ အချို့ကတော့ ကိုးကွယ်သူများကို အကျိုးဆောင်ပေးနိုင်သော ဘာသာကို ကိုးကွယ် လိုကြသည်။

ကိုးကွယ်စရာ ဘာသာအမျိုးမျိုး ရှိပါသည်။ တစ်ခါတစ်ရံတွင် ဘာသာရေးတစ်မျိုးက အခြား ဘာသာရေးများထက် ပို၍ ကိုးကွယ်သူပို၍ များတတ်သည်။ သို့သော် ဒီမိုကရေစီစနစ်တွင် ဥပဒေပြုသူများသည် ထိုဘာသာကို (သို့မဟုတ်) အခြားဘာသာကို တစ်နိုင်ငံလုံးမှ ကိုးကွယ် ရမည် ဟူ၍ မပြဌာန်းနိုင်ပါ။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်သည် ဒီမိုကရေစီစနစ်တွင် အလွန်အရေးကြီးပါသည်။ ထိုအချက်သည် ပြည်သူများအတွက် အခြားသူများကို မထိခိုက်သ၍ မိမိ၏ဘဝကို လွတ်လပ် စွာနေထိုင်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ပင်ဖြစ်ပါသည်။ အချို့ပြည်သူများသည် ဘယ်ဘာသာကိုမှ မယုံကြည် မကိုးကွယ်ဘဲ နေနိုင်ပါသေးသည်။ ထိုသူများကို နိုင်ငံတော်မှ ဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်ရမည်ဟူ၍ ဆိုကာ တစ်ခုခုကို အဓမ္မယုံကြည်ခိုင်း၍ မရပါ။ ဒီမိုကရေစီ စနစ်တွင် ပြည်သူအများမှ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာရွေးချယ်၍ လွတ်လပ်စွာ ကျင့်ကြံပိုင်ခွင့် ရှိသည်။

အခြေခံသဘော (၁၄) – ရွေးချယ်တင်မြှောက်ခံထားရသည့် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူများ မှ စစ်တပ် ကို လမ်းညွန်မှု ပေးသည်။

ပြည်သူအများကသာ ခေါင်းဆောင်မှုပြုသည်။ စစ်တပ်ကခေါင်းဆောင်ခြင်းမပြု။

စစ်အရာရှိများသည် ပြည်သူအများကို ကြောက်လန့်ချောက်ခြားအောင် လုပ်နိုင်စွမ်း ရှိပါသည်။ သူတို့သည် စစ်တပ်ခေါင်းဆောင်များ ဖြစ်သည်ဆိုသော အချက်ကပင် ကြောက်စရာဖြစ်ပါသည်။ စစ်တပ်မှာ သေနတ်တွေ အများကြီးရှိသည်။ စစ်တပ်သည် ပြည်သူတွေကို ဖိအားပေး၍ စေခိုင်းနိုင်သည်။ ထို့ကြောင့်ပင်လျှင် အချို့နိုင်ငံများတွင် စစ်တပ်က ခေါင်းဆောင်နေရာကို ယူထားခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ နေရာယူထားခြင်းသည် မမှန်ကန်ပါ။ ဒီမိုကရေစီ စနစ် တစ်ခုတွင် စစ်တပ်မှ ခေါင်းဆောင်မှုမပြုပါ။ သာမာန်ပြည်သူများကသာ ခေါင်းဆောင်ပါသည်။ သာမာန် ပြည်သူ များက စစ်တပ်ကို ဘာလုပ်ရမည်ဟု ပြောပါသည်။ စစ်တပ်သည် ပြည်သူတို့၏ အလိုဆန္ဒ ကို ဖြည့်စည်းပေးရန်အတွက် တည်ရှိနေရပါသည်။ စစ်တပ်မှ အုပ်စိုးသော အခါ တွင် အကြောက် တရားဖြင့် အုပ်ချုပ်ရပါသည်။ အကြောက်တရားဖြင့် အုပ်ချုပ်ရခြင်းသည် မကောင်းပါ။ ပြည်သူလူထုသည် မိမိတို့အလိုရှိသလို နေထိုင်ခွင့်ကို လွတ်လပ်စွာဆုံးဖြတ် ခွင့် ရှိရပါမည်။ စစ်တပ်ကိုကြောက်သော အကြောက်တရားဖြင့် ရှင်သန်နေရခြင်းမျိုး မဖြစ် သင့်ပါ။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများက ခေါင်းဆောင်ပါသည်။ ပြည်သူများမှ ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်များမှ ခေါင်းဆောင် ပါ သည်။

အခြေခံသဘော (၁၅) – ရွေးချယ်ခံ ထားရ သည့် ဥပဒေပြုသူများမှအပ အခြား မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း က မျှ ဥပဒေ မပြဌာန်း နိုင်စေရ။

ရွေးကောက်တင်မြှောက်ခံထားရသော ဥပဒေပြုသူများမှ ပြည်သူများ၏အကျိုးကို ဆောင် ရွက်ပေးသည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြည်သူအများစုကသာ အဓိကဖြစ်ပါသည်။ အဆုံးအဖြတ် ပေးပါသည်။ ပြည်သူ့ကိုယ်စားလှယ်များကသာ ဥပဒေများကို ပြဌာန်းပါသည်။ စစ်တပ်မှ ဥပဒေမထုတ်ပါ။ ဘုရားကျောင်းမှ ဥပဒေမထုတ်ပါ။ ချမ်းသာကြွယ်ဝ သူများမှ ဥပဒေ မပြဌာန်းပါ။ ပြည်သူလူထုမှ မဲဆန္ဒပေး၍ ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများကို ရွေးချယ် ပါသည်။ နိုင်ငံတော်၏ နေ့စဉ် နေ့တဒူဝ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲသူများက စီမံပါသည်။ ဥပဒေပြုသူများက လိုအပ်သော ဥပဒေများကို ပြဌာန်းပေးပါသည်။ ဥပဒေပြု သူများကသာ ဥပဒေပြဌာန်းခြင်း အလုပ်ကို လုပ်နိုင်ပါသည်။ သူတို့သည်သာလျှင် ဥပဒေ ကို ပြဌာန်းရန်အတွက် ပြည်သူအများမှ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည့် ကိုယ်စား လှယ် များ ဖြစ်ပါသည်။ လူထုမှ ရွေးချယ်ခြင်း ခံထားရသူများ ဖြစ်ပါသည်။ ပြည်သူအများက သူတို့၏အာဏာကို ဥပဒေပြုသူများ၏လက်ဝယ်သို့ ဥပဒေပြုရန် သက်သက် အပ်နှင်းထားသည်ဟု အဓိပ္ပါယ်ရပါသည်။ ဥပဒေပြုသူများသည် သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူများထံမှ ရသည်ဆိုသော အချက်သည် ထင်ရှားပါသည်။ ဘုရားကျောင်းကို ပြည်သူတို့က ရွေးချယ်တင်မြှောက်ခြင်း မပြုခဲ့ကြပါ။ စစ်တပ်ကို  ပြည်သူ တို့က ရွေးချယ်တင်မြှောက်ခြင်း မပြုခဲ့ကြပါ။ ချမ်းသာကြွယ်ဝသူများ ကို ပြည်သူ တို့က ရွေးချယ်တင်မြှောက်ခြင်း မပြုခဲ့ကြပါ။ထို့ကြောင့်ပင် သူတို့၌ ဥပဒေပြဌာန်းခွင့် မရှိပါ။ ပြည်သူများကသာလျှင် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များမှ တစ်ဆင့် သူတို့ လိုက်နာရမည့် ဥပဒေများကို ပြဌာန်းပါသည်။ ထိုအချက်သည် ဒီမိုကရေစီစနစ် အလုပ်လုပ်ပုံ ဖြစ်ပါသည်။ ပြည်သူအများလိုက်နာရမည့် ဥပဒေများကို ပြည်သူများကသာ ပြဌာန်းပါသည်။

အခြေခံသဘော (၁၆) – ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများကို မဆန့်ကျင်ပါက ပုဂ္ဂလိကအဖွဲ့အစည်း များသည် အထူးလုပ်ဆောင် ပိုင်ခွင့် များ ရရှိနိုင်သည်။

ပုဂ္ဂလိကအဖွဲ့အစည်း များသည် ဥပဒေနှင့် မဆန့်ကျင်ပါက လုပ်ပိုင်ခွင့်များရှိနိုင်သည်။

မိန်းကလေးတစ်ယောက်သည် သူ့အသင်း၏ အထူးဝတ်စုံကို ဝတ်ဆင်ထားသည်။ ကခြေသည် မိန်းကလေး ကလည်း သူတို့ အကအဖွဲ့၏ အဖွဲ့ဝင်များသာဝတ်သော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံဝတ်ဆင်ခွင့်သည် သူတို့၏ အထူးလုပ်ပိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သံချပ်အသင်းဝင်များ၌လည်း အထူးအခွင့်အရေး ရနိုင်သည်။ သံချပ်အသင်းဝင် မိန်းကလေးနှင့် အခြားအဖွဲ့ဝင်များသည် သံချပ်တိုင်ယိမ်းကစဉ်တွင် သီးသန့် ဝတ်စုံများ ဝတ်ဆင်၍ အမြဲတမ်း ဆင်နွှဲကြသည်။ ထို အထူးအခွင့်အရေး များ သည် ဥပဒေကို မချိုးဖောက်ပါ။ ငါးဖမ်းသူများဖွဲ့စည်း ထားသော အဖွဲ့တစ်ဖွဲ့တွင် သူတို့ သုံးနေကျ အထူးလုပ်ရပ် ကလေးတစ်ခု ရှိခဲ့သည်။ သူတို့နှင့် ရုပ်ခြင်း၊ အသား အရောင် ခြင်း တူသူများ က သူတို့ငါးမျှားရာ နေရာကိုလာပြီး ငါးမျှားလျှင် ခွင့်ပြုခဲ့ကြသည်။ သူတို့ နှင့် အသားမရောင်မတူ၊ ဘာသာစကား မတူသူများ ငါးလာမျှားလျှင်တော့ ထိုအဖွဲ့ က ဒေါသပုန်ထကြတော့သည်။

ထိုအဖွဲ့က သူတို့ နှင့် အသားမရောင်မတူသူ ငါးမျှားသူများကို နှောက်ယှက်ရန် စီမံခဲ့ကြသည်။ ထိုသူများ၏လှေများ ဖျက်စီးခံခဲ့ကြရသည်။ လူကိုရန်ပြုခဲ့ကြသည်။ထိုကဲ့သို့ မကောင်းမှုများပြုခြင်းသည်ပင်လျှင် သူတို့အဖွဲ့၏ ထူးထူးခြားခြား လုပ်တတ်ခြင်းပင် ဖြစ်သည်။ သူတို့အဖွဲ့၏ ထူးခြားမှုက “လူမျိုးတစ်မျိုး တည်းသာဤနေရာတွင် ငါးမျှားရမည်” ဟူ၍ဖြစ်သည်။ ထို ထူးခြားစွာ လုပ်ဆောင်မှုက တရားဥပဒေကို ချိုးဖောက် ခြင်းဖြစ်သည်ဟု ထင်ပါသလား။

နောက်ထူးဆန်း သောအဖွဲ့တစ်ဖွဲ့ အကြောင်းပြောစရာရှိပါသည်။ ထိုအဖွဲ့မှ လူအများစု သည် ရပ်ဝေးမြေခြားမှ လာသော တောင်ပေါ်သားများဖြစ်ကြသည်။ ထို့ကြောင့် ထိုအဖွဲ့မှ လူအများ သည် ဝေးလံ သီခေါင်သော တောင်ပေါ်မြေဇာတိသားတိုင်း အပြာရောင် နှင်းပွင့် လေး တစ်ပွင့်ကို သူတို့၏အင်္ကျ ီ (သို့) အပေါ်အင်္ကျ ီ ပေါ်တွင် ဆင်မြန်းရန် ဆုံးဖြတ်ခဲ့ကြ သည်။ ထိုကဲ့သို့ ဝတ်ဆင်ခြင်းဖြင့် ဇာတိသား အချင်းချင်း အလွယ်တကူ တွေ့ရှိနိုင်သည်။ အကူအညီလိုသူကိုလည်း လိုသလို့ကူညီပေးနိုင်မည်ဖြစ်သည်။ သူတို့အဖွဲ့၏ ထူးခြား သော လုပ်ဆောင်ချက်ကတော့ “အပြာရောင်နှင်းပွင့် ဆင်မြန်းထားသော တို့တစ်တွေ သည် မိသားစု သဖွယ် ဖြစ်သည်” ဟူ၍ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ထိုအဖွဲ့အစည်း နှစ်ခု အနက်မှ တစ်ဖွဲ့က တရားဝင်၍ ကျန်တစ်ဖွဲ့က တရားမဝင်ပါ။

မည်သည့်အဖွဲ့က ဒီမိုကရေစီစနစ်နှင့် ကိုက်ညီ၍ မည်သည့်အဖွဲ့က ဒီမိုကရေစီစနစ်နှင့် မကိုက်ညီ ဟု ပြောနိုင်ပါသလား?

အဖွဲ့တစ်ဖွဲ့ က တရားဥပဒေချိုးဖောက်နေသည်ဟု ထင်ပါသလား?

မည်သည့် အဖွဲ့၏ အထူးလုပ်ဆောင်ချက်ကို ကြိုက်နှစ်သက်ပါသလဲ?

အခြေခံသဘော (၁၇) – နိုင်ငံတော် အတွက် လုပ်ငန်းများ လုပ်ဆောင်ရန် နှင့် ဆုံးဖြတ်ချက် များချရန် စီမံခန့်ခွဲသူ များ ကို ရွေးချယ် တင်မြှောက်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ လုပ်ဆောင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းရှိ/မရှိ တရားသူကြီးများမှ ကြီးကြပ် ရမည်။

စီမံခန့်ခွဲသူများမှ နိုင်ငံတော်၏အဖွဲ့အစည်းများကို စီမံခန့်ခွဲရာတွင် ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ကို တရားသူကြီးများက ဆုံးဖြတ်ပေးရမည်။ အဖွဲ့အစည်းများ ချောမွေ့စွာ အလုပ်လုပ်နိုင်ရန် ဥပဒေများကို ပြဌာန်းပေးရမည်။ စီမံခန့်ခွဲသူများမှ နေ့တစ်ဒူဝ ကိစ္စများကို ကြီးကြပ်ပေးရမည်။ ထိုကဲ့သို့ စီမံခန့်ခွဲရန်အတွက် ရွေးချယ်တင်မြှောက် ထားခြင်းဖြစ်သည်။ ထို့သို့စီမံ လုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီ ဥပဒေအတိုင်း လုပ်ဆောင် ရမည်ဖြစ်သည်။ သူတို့၏အလုပ်များထဲမှ တစ်ခုမှာ လူများကို အလုပ် ရွေးချယ် ခန့်ထားရေးဖြစ်သည်။ ဥပဒေအရ အလုပ်လျှောက်ထားရာတွင် မည်သည့် အသား အရောင် ရှိသူကိုမဆို အခွင့်အရေး ညီတူညီမျှ ဖြစ်ရမည်ဟုဆိုသည်။ ထို ဥပဒေပါ အတိုင်း စီမံခန့်ခွဲသူများမှ အလုပ်လျှောက်ထားခွင့်ကို အသားအရောင်မခွဲခြားဘဲ လူတိုင်း ကို လျှောက်ထားခွင့်ပြုရမည် ဖြစ်သည်။ အကယ်၍ စီမံခန့်ခွဲသူများက ဥပဒေကို မလိုက်နာလျှင် သူတို့ကိုလည်း တရားရုံးတော်သို့ ခေါ်ယူ၍ တရားသူကြီးများမှ ဥပဒေအတိုင်း လိုက်နာလုပ်ဆောင်စေရမည် ဖြစ်သည်။

ပြည်သူများက မဲဆန္ဒပေး၍အတည်ပြုထားသော ဥပဒေကိုလိုက်နာကြရန် စောင့်ကြည့် ကြပ်မတ်ရမည်မှာ တရားသူကြီးများ၏ အလုပ်ဖြစ်သည်။ နိုင်ငံတော်၏ ဘဏ္ဏာငွေကို မည်ကဲ့သို့ အသုံးပြုရမည်ဟု ပြဌာန်း ထားသော ဥပဒေများစွာ ရှိပါသည်။ ဘဏ္ဏာငွေ အသုံးစရိတ်များကို မည်သို့ ပြုစု၍ ထိန်းသိမ်း ထားရမည်ကို ဖော်ပြထားသော ဥပဒေ များစွာလဲ ရှိပါသည်။ ထိုကဲ့သို့ ဥပဒေများ ထားရခြင်းမှာလဲ အများပြည်သူများက ဘဏ္ဏာငွေ စာရင်း များကို ကြည့်ရှု၍ စီမံခန့်ခွဲသူများ၏ ရိုးသားဖြောင့်မတ်မှုကို ကြပ်မတ် ရန် ဖြစ်ပါသည်။ စီမံခန့်ခွဲသူများသည် အလုပ်လုပ်ရာတွင်၊ စီမံရာတွင် သူတို့ကြိုက်သလို လုပ်ပိုင်ခွင့်မရှိပါ။

ဒီမိုကရေစီစနစ်တွင် စီမံခန့်ခွဲသူများသည် ဥပဒေနှင့်အညီ သာ ဆောင်ရွက်ရမည် ဖြစ်ပါ သည်။ စီမံခန့်ခွဲသူများမှ ဆုံးဖြတ်ချက်ကောင်းများ မချလျှင် သူတို့ကို ထပ်မံ၍ ရွေးချယ် ခြင်း ခံရဖို့ မသေချာပါ။

အခြေခံသဘော (၁၈) – နိုင်ငံရေးပါတီ များမှ ကွဲပြားခြားနားသော နိုင်ငံရေးရှုထောင့် များကို ကိုယ်စားပြုသည်။ ပြည်သူများသည် မိမိ ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီ ကို ထောက်ခံနိုင်သည်။

ဒီမိုကရေစီစနစ် အသက်ဝင်ရေးအတွက် နိုင်ငံရေးပါတီများသည် အလွန်အရေးပါသည်။ သာမာန်ပြည်သူများသည် နိုင်ငံရေးပါတီများတွင် တက်ကြွစွာ လှုပ်ရှားကြပါသည်။ မည်သည့် ဥပဒေများကို ပြဌာန်းရမည် ဆိုရာတွင် အမြင်ရှုဒေါင့် မြောက်များစွာ ရှိနိုင်ပါသည်။ ထို့အပြင် လူ့အဖွဲ့အစည်းတွင် မည်မျှအတိုင်းအတာအထိ အစိုးရမှ အသေးစိတ် ပါဝင်ပါတ်သက်သင့်သည်ကို ပြည်သူ အများမှ သဘောထားကွဲလွဲလေ့ ရှိကြပါသည်။ အိမ်နီးချင်းနိုင်ငံ များနှင့် နိုင်ငံတော်မှ မည်ကဲ့သို့ဆက်ဆံသင့်သည် ဆိုသည်ကိုလဲ ပြည်သူများမှ အမြင်အမျိုးမျိုး ရှိတတ်ကြပါသည်။ ထိုကဲ့သို့သော ပြည်သူများ၏ ထင်မြင်ချက်ပေါင်းစုံကို အလေးထား၍နားထောင်သင့် ပါသည်။

ဒီမိုကရေစီစနစ် တစ်ခုတွင် ထိုထင်မြင်ချက်ပေါင်းစုံကို နိုင်ငံရေးပါတီမျိုးစုံ ဖြင့် ထင်ဟပ် ကြပါသည်။

နိုင်ငံရေးပါတီတစ်ခုက ရှုထောင့်တစ်ခုမှ အကြံများရှိမည်။ နောက်ပါတီတစ်ခုက တစ်ခြားကွဲပြားခြားနားသော ရှုထောင့်မှ အကြံများရှိပါမည်။ ထိုနည်းဖြင့် ထင်ရှားသော အကြံများ အားလုံးကို ရှုထောင့်စုံမှ ကြားသိနိုင်ပါသည်။ နိုင်ငံရေးပါတီဝင် ပြည်သူများသည် မိမိတို့ နိုင်ငံရေးပါတီ၏ အသံကို အခြားပြည်သူများ ကြားသိနိုင်အောင် အထူးကြိုးစား၍ တင်ပြကြရပါသည်။ နိုင်ငံရေးပါတီများသည် ဆိုင်းဘုတ်များ ထောင်ခြင်း၊ ရုပ်မြင်သံကြား နှင့် ရေဒီယိုများပေါ်မှ ကြော်ငြာခြင်း ၊ သတင်းစာများထဲတွင်  ကြော်ငြာခြင်းများ ပြုလုပ်ကြပါသည်။ အိမ်နီးချင်း များနှင့်မိတ်ဆွေများကို စကားပြောကြရပါသည်။ ပါတီအတွက် ရံပုံငွေ ရှာကြရပါသည်။ သူတို့ ပါတီ၏ အကြံအစည် မူဝါဒများကို ဖြန့်ဝေပေးချင်ကြပါသည်။ လုံလောက်သော ပြည်သူအရည်အတွက် ကို သူတို့ပါတီ၏ မူဝါဒများသည် မူဝါဒကောင်းများ ဖြစ်ကြောင်း အောင်မြင်စွာ စည်းရုံးနိုင်မည် ဆိုလျှင်တော့ ထိုမူဝါဒ များသည် ဥပဒေ ဖြစ်လာပါမည်။

Please Leave Your Comment

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s