အရှုံး၏ အပိုဆုများ နှင့် စိတ်ကူး၏ အရေးကြီးပုံ

 

(Cambridge, MA - June 5, 2008) - Morning Commencement Exercises.  Commencement speaker J.K. Rowling acknowledges applause while standing to receive her honorary degree. Staff photo Jon Chase/Harvard News Office

(Cambridge, MA – June 5, 2008) – Morning Commencement Exercises. Commencement speaker J.K. Rowling acknowledges applause while standing to receive her honorary degree. Staff photo Jon Chase/Harvard News Office

ဂျေကေ ရိုးလင်း ၏ မိန့်ခွန်း၊ မူပိုင်ခွင့် ဂျေကေ ရိုးလင်း

ဇွန်လ ၅ ရက် ၂၀၀၈ ခုနှစ်

အဓိပတိကြီး ဖို့စ်(တ်) ၊ ဟားဗာ့(ဒ်) ကော်ပိုရေးရှင်း နဲ့ ကြီးကြပ်သူများအဖွဲ့ ရဲ့ အဖွဲ့ဝင်များ၊ ပါမောက္ခများ၊ ဂုဏ်ယူဝင့်ကြွား နေတဲ့ မိဘများ နဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ ဘွဲ့ရ မောင်မယ် များ

ကျွန်မ ပထမဆုံး ပြောချင်တာကတော့ ကျေးဇူးတင်ကြောင်းပါ။ ဟားဗာ့(ဒ်) တက္ကသိုလ်က ကျွန်မကို အထူး ဂုဏ်ပြုချီးမြှင့်ရုံတင် မကပါဘူး။ ဒီ ဘွဲ့နှင်းသဘင်မိန့်ခွန်းကို ပြောရမယ်ဆိုတဲ့ စိတ်ကြောင့် ရက်ပေါင်းများစွာ မူးနောက်ပြီး နေမကောင်း ဖြစ်ခဲ့လို့ (ရယ်သံများ) ကျွန်မ ကိုယ်ရည်လဲ စစ်သွားပါတယ် (ရယ်သံများ)။ နှစ်ဦး နှစ်ဖက် အကျိုး ရှိ တဲ့ win-win အဖြစ်ပါ။ ခု အချိန်မှာတော့ အသက်ကို ပြင်းပြင်းရှု အနီရောင် တံခွန်တွေကို ဖြတ်ကနဲ လှမ်းကြည့် ပြီး ငါဟာ ဟယ်ရီပေါ့တာထဲက ဂရစ်ဖင်ဒေါ ခြင်္သေ့အသင်းရဲ့ ကမ္ဘာ့အကြီးဆုံး ပြန်လည်တွေ့ဆုံပွဲမှာ ရောက်နေတာလို့ ကိုယ့်ကိုယ်ကိုပြန်ပြီး အယုံသွင်းလိုက်ဖို့ပဲ လိုပါတော့တယ် (လက်ခုပ်သံများ နှင့် ရယ်သံများ) ။

ဘွဲ့နှင်းမိန့်ခွန်းကို ပြောရတယ်ဆိုတာ အင်မတန် တာဝန်ကြီးပါတယ်။ အဲဒီလို ထင်ခဲ့မိတာကတော့ ကျွန်မ ဘွဲ့ယူခဲ့တဲ့နေ့ကို ပြန် ပြီး တွေးကြည့်မိတဲ့ အချိန်အထိပါ။ အဲဒီနေ့က မိန့်ခွန်းပြောတဲ့သူက ထင်ရှားတဲ့ ဗြိတိသျှ ဒဿနိကပညာရှင် မှူးမတ်ကြီးဘွဲ့ခံ မေရီ ဝါး(ရ်)နော့(ခ်) ပါ။ ကျွန်မ သူ့မိန့်ခွန်းကို ပြန်ပြီး စဉ်းစားကြည့်လိုက်မိခြင်းဟာ ဒီမိန့်ခွန်းကို ရေးတဲ့နေရာမှာ အလွန် အထောက်အကူ ပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဘာပြောသွားသလဲ ဆိုတာ ကျွန်မ တစ်လုံးမှ မမှတ်မိတော့လို့ပါ (ရယ်သံများ)။ အဲဒီလို လွတ်မြောက်မှုပေးတဲ့ ဉာဏ်အလင်းကြောင့်လဲ ကျွန်မ စိုးရိမ်စိတ်ကင်းကင်းနဲ့ ဒီမိန့်ခွန်းကို ရေးလို့ရခဲ့ပါတယ်။ စိုးရိမ်ခဲ့မိတာက ကျွန်မရဲ့ မိန့်ခွန်းကို နားထောင်မိလို့ စီးပွါးရေး၊ ဥပဒေနဲ့ နိုင်ငံရေးနယ်တွေက အလားအလာကောင်းတဲ့ အလုပ်တွေကို စွန့်ပြီး ပျော်စရာပိုကောင်းတဲ့ မှော်ဆရာမိန်းမလျာတွေများ ဖြစ်ကုန်ကြမလားလို့ပါ (ရယ်သံများ နှင့် လက်ခုပ်သံများ)။

တွေ့ပြီမဟုတ်လား။ နောင် နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ မှော်ဆရာမိန်းမလျာ ဆိုတဲ့ ပြက်လုံးတစ်ခုပဲ သတိရတယ်ထား ကျွန်မက အမတ်ကြီး မေရီ ဝါး(ရ်)နော့(ခ်) ထက် သာသွားပါပြီ (လက်ခုပ်သံများ နှင့် ရယ်သံများ)။ လှမ်းကိုင် နိုင်သော ပန်းတိုင်ကို ဦးတည်ခြင်း၊ မိမိကိုယ်မိမိ မြှင့်တင်ခြင်း ၏ ပထမဆုံးသော အဆင့် (ရယ်သံများ)။

အမှန်ပြောရရင်တော့ မောင်တို့မယ်တို့ကို ဒီနေ့ ဘာပြောရမလဲ ဆိုတာကို စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ရှာခဲ့ရပါတယ်။ ငါဘွဲ့ရတဲ့ နေ့မှာ ဒါလေးသာ သိခဲ့ရရင် ကောင်းမှာပဲလို့ ဆုတောင်းချင်တာ ဘာရှိသလဲလို့ ကိုယ့်ကိုယ်ကို မေးခဲ့ရပါတယ်။ ပြီးတော့ အဲဒီနေ့ကနေပြီး ဒီနေ့အထိ ကုန်လွန်သွားတဲ့ ၂၁ နှစ်တာ ကာလမှာ ငါ့မှာ ဘာအဖိုးတန် သင်ခန်းစာတွေ ရခဲ့သလဲလို့ မေးခဲ့ရ ပါတယ်။

ကျွန်မ အဖြေနှစ်ခု ရခဲ့ပါတယ်။ မောင်မယ်တို့ရဲ့ ပညာရေးအောင်မြင်မှုကို အားလုံးစုရုံးပြီး ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်မှာ အရှုံး ရဲ့ အကျိုးကျေးဇူးများ အကြောင်းကို ပြောပြဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပြီးတော့ လက်တွေ့ဘဝလို့ ခေါ်တတ်ကြတဲ့ ဘဝရဲ့ အစပ်မှာ မောင်တို့မယ်တို့ ခြေချမိတဲ့အချိန်မှာ ကျွန်မက စိတ်ကူးယဉ်ခြင်းရဲ့ သေရေးရှင်ရေး အရေးကြီးပုံကို ချီးမွမ်း ပြောပြချင်ပါတယ်။

အဲဒီအချက်တွေလို့ ပြောလိုက်တော့ တလွဲသတ္တိကောင်းသလို၊ ဒါမှမဟုတ် ဝိရောဓိ ဖြစ်စရာကိုမှ ရွေးပြီး ပြောသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်မကို သည်းခံပေးပါ။

ဘွဲ့ယူတဲ့နေ့က အသက် ၂၁ နှစ်အရွယ် ကျွန်မကို ဒီနေ့ ၄၂ နှစ်အရွယ် ကျွန်မက ပြန်ကြည့်လိုက်တဲ့ အခါမှာတော့ စိတ်ထဲမှာ မသက်မသာ ဖြစ်ရပါတယ်။ အခုအသက်ရဲ့ တစ်ဝက်က ကျွန်မဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ကျွန်မနဲ့ အနီးကပ်ဆုံး သူတွေရဲ့ ကျွန်မအပေါ် မျှော်လင့်ချက်ကို မျှတအောင် မနဲချိန်ဆ နေခဲ့ရတာပါ။

ကျွန်မ ယုံကြည်ခဲ့တာက ဝတ္ထုစာအုပ်တွေ ရေးတဲ့ အလုပ် တစ်ခုထဲကိုပဲ ကျွန်မတသက်လုံး လုပ်သွားချင်တယ်လို့ပါ။ ဒါပေမဲ့ ဆင်းရဲတဲ့ ဘဝကလာပြီး တက္ကသိုလ် မတက်ဘူးတဲ့ မိဘနှစ်ယောက်ကတော့ စိတ်ကူးနဲ့ ရူးတတ်တဲ့ အကျင့်ကို ကျွန်မရဲ့ ကြောင်ကွက်တစ်ကွက် လို့မြင်ပါတယ်။ ဒီအကျင့်နဲ့ အိမ်ကလေး တစ်လုံးဝယ်ဖို့၊ ပင်စင်လစာလေးနဲ့ နေဖို့အတွက် ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဖူးလို့လဲ မြင်ခဲ့ကြပါတယ် (ရယ်သံများ)။ အခုတော့ အဲဒါတွေနဲ့ ကိုးလို့ကန့်လန့် ဖြစ်နေပုံဟာ ကာတွန်းတွေထဲမှာ ပေတုံးကြီးနဲ့ တိန်ကနဲ အထုခံရသလို ဖြစ်နေတယ်ဆိုတာ ကျွန်မသိပါတယ် (ရယ်သံများ)။

အဲဒါကြောင့် မိဘတွေက ကျွန်မကို အသက်မွေးဝမ်းကျောင်း ဘွဲ့တစ်ခုကို ယူစေချင်ပါတယ်။ ကျွန်မကတော့ အင်္ဂလိပ်စာပေဘွဲ့ကို ယူချင်ပါတယ်။ မိဘတွေနဲ့ ညှိလို့ရခဲ့တာကတော့ ပြန်စဉ်းစားကြည့်ရင် သူတို့ရောကျွန်မပါ သဘောမကျတဲ့ ခေတ်သစ် ဘာသာစကားဘွဲ့ကို ယူဖို့ပါ။ ဒီလိုနဲ့ တက္ကသိုလ်အရောက်မှာ လိုက်ပို့တဲ့ မိဘတွေရဲ့ကား လမ်းအဆုံးကကွေ့လို့ ပျောက်မသွားခင်မှာ ယူထားတဲ့ ဂျာမန်ဘာသာကို လွှင့်ပစ်ပြီး ဂန္တဝင်စာပေဌာနရဲ့ စင်္ကြံလမ်းထဲကို ကျွန်မ အပြေးဝင်ခဲ့ပါတယ်။

ကျွန်မ ဂန္တဝင်စာပေ တက်နေတယ်ဆိုတာ မိဘတွေကို ပြန်ပြီးပြောမိသလား မပြောမိဖူးလား မမှတ်မိတော့ပါဘူး။ ကျွန်မ ဘွဲ့ရတဲ့ နေ့ကျမှ သူတို့တွေ သိသွားတာလဲ ဖြစ်နိုင်ပါတယ် (ရယ်သံများ)။ ကုမ္ပဏီ အရာရှိချုပ် အိမ်သာသော့ကိုရဖို့ အခွင့်အလမ်းအတွက် ဆိုရင် ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဘာသာရပ်တွေထဲမှာ ဂရိဒန္တာရီထက် ပိုပြီးအသုံးမကျတဲ့ ဘာသာကို စဉ်းစားလို့ရဖို့ ကျွန်မရဲ့ မိဘတွေ အတွက် တော်တော်ခက်လိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်မ ရှင်းပြ ကွင်းစကွင်းပိတ်နဲ့ ရှင်းပြ ချင်တာကတော့ မိဘတွေမှာ ဒီလိုအမြင်ရှိတာကို ကျွန်မ အပြစ်မတင်ပါဘူး။ ကိုယ့်ကို လမ်းမှားရောက်အောင် ပဲ့ကိုင်ခဲ့ပါတယ်လို့ မိဘတွေကို အပြစ်တင်ခြင်းမှာ သက်တမ်းကုန်ဆုံးရက် ရှိပါတယ် (ရယ်သံများ)။ ကိုယ်တိုင် ပဲ့ကိုင်နိုင်တဲ့ အရွယ်ရောက်ပြီဆိုရင် ကိုယ့်တာဝန်ကိုယ် ယူရပါမယ်။ ဒါ့အပြင် ကျွန်မဘယ်တော့မှ ဆင်းရဲမှာ မဟုတ်ဘူးလို့ မျှော်လင့်ခဲ့ကြတဲ့ မိဘနှစ်ပါးကို ကျွန်မအပြစ် မပြောနိုင်ပါ။ သူတို့ကိုယ်တိုင် ဆင်းရဲတဲ့ဘဝက လာခဲ့ကြတာပါ။ ကျွန်မလဲ ဆင်းရဲခြင်းကို ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ နောက်ပြီးတော့ ဆင်းရဲခြင်းဆိုတာ မွန်မြတ်တဲ့ အတွေ့အကြုံတစ်ခု မဟုတ်ဘူး ဆိုတာကိုလဲ ကျွန်မ သူတို့နဲ့ သဘောတူပါတယ်။ ဆင်းရဲခြင်းနဲ့အတူ စိုးရိမ် ကြောက်လန့်စိတ်၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေပါ ပါလာတတ် ပါတယ်။ ဆင်းရဲတယ်ဆိုတာ အရှက်ကွဲခြင်းပေါင်း တစ်ထောင်နဲ့ အခက်အခဲကလေးပေါင်း များစွာပါ။ ဆင်းရဲတွင်း ထဲကနေ ကိုယ့်အစွမ်းအစ နဲ့ ကိုယ် တက်လာနိုင်တယ်ဆိုတာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဆင်းရဲခြင်း သက်သက် ကိုတော့ အရူးတွေ ကသာ အမြတ်တနိုး ကဗျာဖွဲ့ကြမှာပါ။

မောင်တို့မယ်တို့ ရဲ့ အရွယ်တုံးက ကျွန်မရဲ့ အကြောက်ဆုံးအရာဟာ ဆင်းရဲခြင်း မဟုတ်ပါဘူး၊ အရှုံး ပါ။

ကျွန်မ မောင်တို့မယ်တို့ရဲ့ အရွယ် တက္ကသိုလ်တက်စဉ်က ကြိုးစားမှုမရှိသော်လဲ စာမေးပွဲ မှန်မှန်အောင်တဲ့ အစွမ်းအစလေးတော့ ရှိခဲ့ပါတယ်။ တက္ကသိုလ်မှာလဲ ကော်ဖီဆိုင်မှာ ဝတ္ထုတွေ ထိုင်ရေးနေတဲ့ အချိန်ကများပြီး စာသင်ခန်းထဲမှာ နေတဲ့အချိန်က နည်းခဲ့ပါတယ်။ စာမေးပွဲအောင်ခြင်းကသာ နှစ်တော်တော်ကြာတဲ့အထိ ကျွန်မတို့ရဲ့ ဘဝအောင်မြင်မှု အတိုင်းအတာ ဖြစ်ခဲ့ပါတယ်။

မောင်တို့မယ်တို့ဟာ အသက်ငယ်သူတွေမို့၊ ပါရမီရှင်တွေမို့၊ ပညာတတ်တွေမို့ အသဲမကွဲဖူးဘူး၊ အခက်အခဲတွေနဲ့ မတွေ့ဖူးဘူး၊ အသဲမနာဖူးဘူး လို့ ယူဆရလောက်အောင် ကျွန်မ မအပါဘူး။ အထုံပါရမီ နဲ့ ဉာဏ်ပညာထူးချွန်ခြင်းတွေဟာ ဘယ်သူ့ကိုမှ ဘယ်တုံးကမှ ကံကြမ္မာဆိုးတွေက နေပြီး အကာအကွယ် မပေးဖူးပါဘူး။ ဒီ ဘွဲ့နှင်းအခမ်းအနားကို တက်လာတဲ့ မောင်မယ်တို့ အားလုံးဟာ ကျော့နေကော့နေတဲ့ အခွင့်ထူးတွေခံပြီး ဘဝတစ်လျှောက်လုံးမှာ ကျေနပ် ပျော်ရွှင်လာခဲ့ကြတယ်လို့ ကျွန်မ နဲနဲကလေးမှ မထင်ပါဘူး။

သို့သော်လည်း ဟားဗာ့(ဒ်) က ဘွဲ့ယူတယ် ဆိုကတဲက မောင်တို့မယ်တို့ဟာ အရှုံးနဲ့ ကောင်းကောင်း အကျွမ်းတဝင် မရှိသေးဘူး ဆိုတာကို ပြနေပါတယ် (ရယ်သံများ)။ မောင်တို့မယ်တို့ကို ရှုံးမှာကြောက်တဲ့စိတ်က တွန်းအားပေးသလို အနိုင်ရချင်တဲ့ စိတ်ကလဲ ထပ်တူလောက်ရှိတဲ့ တွန်းအားပေးမှာပါ။ တကယ်တော့ မောင်မယ်တို့ရဲ့ အရှုံးဆိုတဲ့ အထင်ဟာ သာမန်လူတစ်ယောက် ရဲ့ အောင်မြင်မှုဆိုတဲ့ အမြင်နဲ့ သိပ်ကွာမှာ မဟုတ်ပါဘူး။ မောင်မယ်တို့ အဲဒီလောက် အမြင့်အထိ ပျံသန်း ရောက်ရှိခဲ့ကြပါပြီ (ရယ်သံများ)။

အဆုံးမှာတော့ ရှုံးတယ်ဆိုတာ ဘာလဲလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြရမှာပါ။ ဒါပေမဲ့ ကျွန်မတို့ကသာ ခွင့်ပြုမယ်ဆိုရင် အရှုံးဆိုတာ ဘာလဲဆိုတဲ့ စံသတ်မှတ်ချက်ကို ဒီကမ္ဘာကြီးက အလွန် ချပေးချင်ပါတယ်။ ဒါကြောင့်လဲ ထင်ပါတယ် ဘွဲ့ရပြီးလို့ ၇ နှစ်ပဲ ရှိသေးတဲ့အခါမှာ ဘာစံနဲ့ပဲတိုင်းတိုင်း စာဖွဲ့ရလောက်အောင် ကြီးကျယ်တဲ့ အရှုံးမျိုးနဲ့ ကျွန်မ ရှုံးခဲ့ရပါတယ်။ အလွန့်အလွန် တိုတောင်းလှတဲ့ အချိန် အတွင်း မှာ ကျွန်မရဲ့ အိမ်ထောင်ဟာ ပြိုကွဲသွားခဲ့ပါတယ်။ ကျွန်မဟာ အလုပ်လက်မဲ့ တခုလပ် ကလေးအမေ တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ ဒီခေတ် ဗြိတိန်နိုင်ငံမှာ အိုးအိမ်မဲ့ မဟုတ်တာကလွဲလို့ အဆင်းရဲဆုံး ဖြစ်သွားခဲ့ပါတယ်။ မိဘတွေ ကျွန်မအပေါ် စိုးရိမ်ခဲ့သလိုမျိုး ကိုယ့်ဟာကိုယ် စိုးရိမ်ခဲ့သလိုမျိုး ကျွန်မ ဖြစ်သွားခဲ့ပါပြီ။ ဘယ်လိုစံနဲ့ပဲတိုင်းတိုင်း ကျွန်မ သိသမျှတော့ ကျွန်မဟာ အကြီးဆုံး အရှုံးကြီးပါ။

အခု ဒီနေရာကနေပြီးတော့ အရှုံးဟာ ပျော်စရာပါလို့ ကျွန်မ ပြောမှာမဟုတ်ပါဘူး။ ကျွန်မဘဝရဲ့ အဲဒီအပိုင်းဟာ အမှောင်ဖုံးတဲ့ အပိုင်းပါ။ အခုအခါမှာ သတင်းစာတွေ ရေးနေကြတဲ့ နတ်သမီးပုံပြင်ထဲက ကယ်တင်ခန်းလို ဖြစ်လာမယ် ဆိုတာလဲ ကျွန်မမသိပါ။ မဲမှောင်နေတဲ့ လှိုင်ခေါင်းနဲ့တူတဲ့ဘဝဟာ ဘယ်လောက်အထိ ကြာမယ်ဆိုတာ ကျွန်မ မကြံတတ်ပါ။ လှိုင်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ရှိတယ် ဆိုတာတောင်မှ နောင်အချိန် တော်တော်ကြာတဲ့အထိ လက်တွေ့မကျတဲ့ မျှော်လင့်ချက်ပဲ ဖြစ်ခဲ့ပါတယ်။

အဲဒါဆိုရင် အရှုံးရဲ့ အကျိုးကျေးဇူးတွေလို့ ဘာလို့ ကျွန်မပြောပါသလဲ။ တိုတိုပြောရင်တော့ ရှုံးတယ်ဆိုတာဟာ တကယ်မလိုတဲ့ အရာတွေကို စွန့်ပစ်ရခြင်းပါ။ ကိုယ့်ဟာကိုယ် ဟန်လုပ်နေခဲ့တာတွေကို ကျွန်မ ရပ်လိုက်ရပါတယ်။ ပြီးတော့ ကျွန်မအတွက် တကယ်အရေးကြီး တဲ့ တစ်ခုတည်းသော အလုပ်ကို ရှိသမျှအားနဲ့ စပြီး အစွမ်းကုန် အားထုတ်ခဲ့ရပါတယ်။ တခြား အလုပ်တစ်ခုခု မှာသာ အောင်မြင်ခဲ့ရင် ကျွန်မ တကယ်ပိုင်တယ် ထင်တဲ့အရာကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ဇွဲမျိုး ပေါ်ချင်မှ ပေါ်လာမှာပါ။ အနှောင်အဖွဲ့က ကျွန်မ လွတ်မြောက်သွားခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အကြောက်ဆုံးအရာဟာ တကယ် ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်မ အသက်ရှင်လျက်ရှိနေပါသေးတယ်။ အမြတ်နိုးဆုံး သမီးလေးလဲ ကျွန်မနဲ့အတူ ရှိနေပါတယ်။ ပြီးတော့ လက်နှိပ်စက် အဟောင်းလေးတစ်လုံးနဲ့ ဧရာမ အကြံကြီးတစ်ခုလဲ ကျွန်မမှာ ရှိခဲ့ပါတယ်။ အဲဒီ အောက်ဆုံးက ကျောက်လွှာဟာ ကျွန်မရဲ့ဘဝကို အစကပြန်ပြီး တည်ဆောက်စရာ ကျောက်သားအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။

မောင်တို့မယ်တို့ဟာ ကျွန်မ ရှုံးခဲ့တဲ့ အတိုင်းအတာအထိ ဘယ်တော့မှ ရှုံးမယ် မထင်ပါဘူး။ ဒါပေမဲ့ အရှုံးမရှိတဲ့ ဘဝမျိုး ဆိုတာတော့ မဖြစ်နိုင်ပါ။ နေရာတကာမှာ သတိတွေ အလွန်အကျွံ ထားရင်တော့ ရကောင်းရနိုင်ပေမဲ့ ဘယ်လိုမှ နေလို့ကောင်းတဲ့ ဘဝ မဖြစ်နိုင်ပါ။ အဲဒီမှာ အလိုလို နေရင်း ရှုံးပြီးသား ဖြစ်သွားပါပြီ။

စာမေးပွဲပေါင်းများစွာ အောင်မြင်စဉ်က မရခဲ့တဲ့ စိတ်လုံခြုံမှုကို အရှုံးက ကျွန်မကို ပေးပါတယ်။ ဘယ်နည်းနဲ့မှ သင်ယူလို့မရတဲ့ ကျွန်မကိုယ်၌ရဲ့ အကြောင်းကို အရှုံးက ကျွန်မကို သင်ပေးပါတယ်။ ကျွန်မ စိတ်ဓာတ် ဘယ်လောက်မာသလဲ ဆိုတာကို ကိုယ့်ဟာကိုယ် ပြန်ပြီးသိခဲ့ရပါတယ်။ ကျွန်မမှာ ထင်တာထက်ပိုပြီး စည်းကမ်းရှိတာကို သိခဲ့ရပါတယ်။ ကျွန်မမှာ ကျောက်သံပတ္တမြားတွေထက် ပိုပြီး တန်ဖိုးရှိတဲ့ သူငယ်ချင်းကောင်းတွေ ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။

ငါဟာ အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားခဲ့တယ် ပြီးတော့ အဲဒီကနေ ဉာဏအား၊ ကာယအားတွေ တောင်မှ ပိုပြီးကောင်းလာတယ် ဆိုတဲ့အသိ ကို သိလိုက်ပြီးပြီ ဆိုရင်တော့ အကြပ်အတည်း က လွတ်မြောက် နိုင်ဖို့ အစွမ်းနဲ့ အမြဲတမ်း ပြည့်စုံသွားပါပြီ။ ဆင်းရဲဒုက္ခနဲ့ မှတ်ကျောက် အတင်မခံရ သေးသရွေ့ ကိုယ်ဟာ ဘယ်လိုလူစားလဲ၊ ဆွေမျိုး အပေါင်းအဖော်တွေနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးဟာ ဘယ်လောက် ခိုင်မြဲသလဲ ဆိုတဲ့ အသိတွေကို တကယ် မသိနိုင်ပါ။ အဲဒီ အသိတွေဟာ တကယ်စစ်မှန်တဲ့ ဆုလာဘ်တွေပါ။ အဲဒီလို နာကြင်စွာရရှိခဲ့တဲ့ အသိတွေဟာ ကျွန်မရခဲ့တဲ့ ဘယ်ဘွဲ့ ဘယ်လက်မှတ်ထက်မဆို ပိုပြီး အဖိုးတန်ပါတယ်။

ဟယ်ရီပေါ့တာထဲက အချိန်လှည့် နာရီဆွဲသီးသာ ရမယ်ဆိုရင် အသက် ၂၁ နှစ်အရွယ် ကျွန်မကို ပြန်သွားတွေ့ပြီး လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ အချက်တစ်ချက်ကို သိခြင်းပေါ်မှာ တည်နေတယ် လို့ပြောချင်ပါတယ်။ အဲဒီအချက်က ဘာလဲဆိုတော့ ဘဝဆိုတာ ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေကို ပြန်ပြီး တိုက်ကြည့်စရာ စာရင်းမဟုတ်ဘူး ဆိုတာပါ။ ရထားတဲ့ ဘွဲ့လက်မှတ် နဲ့ ကိုယ်ရေးမှတ်တမ်း စာရွက်ဟာ ကိုယ့်ရဲ့ ဘဝ မဟုတ်ပါဘူး။ အဲဒါကို မကွဲပြားတဲ့ ကျွန်မနဲ့ သက်တူရွယ်တူတွေ ကျွန်မထက် အသက်ကြီးတဲ့လူတွေ အများကြီးကို မောင်တို့မယ်တို့ တွေ့ပါလိမ့်မယ်။ ဘဝဆိုတာ ခက်ခဲပါတယ်။ ပြီးတော့ ရှုပ်ထွေးပါတယ်။ လုံးဝ ထိမ်းကြောင်းပဲ့ကိုင် ထားနိုင်သူရယ်လို့ မရှိပါ။ အဲဒီလို နားလည်နိုင်အောင် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့စိတ်က မောင်တို့မယ်တို့ ကံဆိုးမိုးမှောင်ကျတဲ့ အခါမှာ လွတ်မြောက်အောင် လုပ်ပေးပါ လိမ့်မယ်။

ကျွန်မရဲ့ဘဝကို ပြန်ပြီးစခဲ့တုံးက စိတ်ကူးက အရေးပါခဲ့တဲ့ အတွက်ကြောင့် စိတ်ကူးရဲ့ အရေးကြီးပုံကို ပြောပြမှာလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ ညအိပ်ရာဝင် ပုံပြင်တွေရဲ့ တန်ဖိုးရှိပုံကို နောက်ဆုံး ထွက်သက်အထိ ကျွန်မ ခုခံကာကွယ်သွားမှာပါ။ ဒါပေမဲ့ စိတ်ကူးခြင်းကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တန်ဖိုးထားရမယ်လို့ ကျွန်မ သိနားလည်ခဲ့ရပါတယ်။ စိတ်ကူးခြင်းဟာ တကယ် မဟုတ်တဲ့ အရာတွေကို မြင်ယောင်ကြည့်နိုင်တဲ့ လူသား တွေမှာသာရှိတဲ့ အစွမ်း ဖြစ်ပါတယ်။ ဒီအစွမ်းကြောင့် စိတ်ကူးဟာ တီထွင်မှုတွေ ဖန်တီးမှုတွေ မွေးဖွားလာရာ အရပ်လဲ ဖြစ်ပါတယ်။ အပြောင်းအလဲ နဲ့ ကိန်းအောင်းနေတဲ့ သတ္တိတွေကို ဖော်ထုတ်နိုင်တဲ့နေရာမှာ အကောင်းဆုံး ဖြစ်ပါတယ် လို့ ပြောရမဲ့ စိတ်ကူးရဲ့ အစွမ်း ကတော့ ကိုယ်တိုင်မကြုံဖူးဘဲနဲ့ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို ကိုယ်ချင်းစာပြီး ကရုဏာ သက်နိုင်တဲ့ စွမ်းပကားပါ။

ကျွန်မရဲ့ ဘဝကို အကြီးအကျယ် ပုံသွင်းပေးခဲ့တဲ့ အတွေ့အကြုံတစ်ခု ကို ဟယ်ရီပေါ့တာ မတိုင်ခင်ကထဲက ကြုံခဲ့ရပါတယ်။ နောင် ဟယ်ရီပေါ့တာ စာအုပ်တွေ ရေးတဲ့အခါမှာ အဲဒီက ရခဲ့တဲ့ အချက်တွေ အများကြီး ပါပါတယ်။ ကျွန်မ ပထမဆုံးလုပ်ခဲ့တဲ့ အချိန်ပြည့် အလုပ်တွေထဲက အလုပ်တစ်ခု အဖြစ်နဲ့ ဒီ ဉာဏ်အလင်းကို ရခဲ့တာပါ။ အသက် ၂၀ ကျော် ကျွန်မရဲ့ အခန်းလခကို ပေးခဲ့တာက လန်ဒန်က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ရုံးချုပ်ရဲ့ အာဖရိကဆိုင်ရာ သုတေသနဌာနက အလုပ်ပါ။ အလုပ်လုပ်ရင်းနဲ့ နေ့လည်စာစားချိန်မှာ အချောင်ခိုပြီး ဝတ္ထုတွေလဲ ရေးခဲ့ပါတယ်။

အဲဒီတုံးက ကျွန်မဟာ ရုံးခန်းကလေးထဲမှာ ထိုင်ပြီး လက်ရေးသော့သော့နဲ့ ရေးထားတဲ့စာတွေကို ဖတ်ခဲ့ရပါတယ်။ ဒီစာတွေဟာ အာဏာရှင် အစိုးရတွေ လက်အောက်ကနေ ခိုးထုတ်လာတဲ့ စာတွေပါ။ စာရေးသူ ယောက်ျား မိန်းမတွေက သူတို့တွေ ဘယ်လို ခံစားနေရတယ် ဆိုတာကို ပြင်ပကမ္ဘာကသိအောင် စွန့်စားပြီး ရေးထားတဲ့ ထောင်ဒါဏ်ခံရနိုင်တဲ့ စာတွေပါ။ ဘယ်လိုမှ အစအန ရှာလို့မရအောင် ပျောက်သွားတဲ့သူတွေရဲ့ ကြံရာမရ ဖြစ်နေတဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို ပို့လိုက်တဲ့ ဓာတ်ပုံတွေကို ကျွန်မ ကြည့်ခဲ့ရပါတယ်။ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူတွေရဲ့ သက်သေခံချက်တွေကို ဖတ်ရပါတယ်။ သူတို့တွေရဲ့ ဒါဏ်ရာတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မြင်ခဲ့ရပါတယ်။ အကျဉ်းချုံးပြီး စီရင်ချက်ချတာတွေ၊ ကွပ်မျက်တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ မုဒိန်းကျင့်တာတွေကို မျက်မြင်သက်သေတွေရဲ့ လက်ရေးနဲ့ ရေးထားတဲ့ သက်သေခံ ချက်တွေကို ဖွင့်ဖောက်ကြည့်ခဲ့ရပါတယ်။

ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများ ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါ။ သူတို့ရဲ့ အစိုးရတွေကို အတင့်ရဲရဲ နဲ့ အတိုက်အခံပြောခဲ့ကြတဲ့ အတွက်ကြောင့် သူတို့အိမ်တွေမှာသူတို့ မနေနိုင်ကြတော့တဲ့ သူတွေနဲ့ ပြည်ပကို ထွက်ပြေးလာခဲ့ကြရတဲ့ သူတွေပါ။ ကျွန်မတို့ရုံးကို လာတဲ့ သူတွေထဲမှာ သတင်းပေးဖို့ လာတဲ့သူတွေ ပါပါတယ်။ သူတို့ ချန်ထားခဲ့ရတဲ့ သူတွေ ဘာဖြစ်သွားပြီလဲ ဆိုတာကို သိချင်လို့လာပြီး သတင်းမေးတဲ့သူတွေ ပါပါတယ်။

ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်တာကတော့ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့ အာဖရိကတိုက်သား တစ်ယောက်ပါ။ သူ့အသက် က အဲဒီ တုံးက ကျွန်မ အသက်ထက် သိပ်ပြီးကြီးမှာ မဟုတ်ပါဘူး။ ဇာတိမြေမှာ ညှဉ်းပန်းခံခဲ့ရတာတွေကြောင့် စိတ်ဝေဒနာလဲ ခံစားနေခဲ့ ရသူပါ။ သူ့ကို ဘယ်လို ညှဉ်းပန်း နှိပ်စက်ခဲ့တယ် ဆိုတာကို ဗီဒီယိုကင်မရာရဲ့ရှေ့မှာ ပြောပြခဲ့တဲ့ အချိန်မှာ သူ့ရဲ့ တကိုယ်လုံးဟာ ထိန်းလို့မရအောင် တဆတ်ဆတ် တုံနေခဲ့ပါတယ်။ သူဟာ ကျွန်မထက် အရပ်တစ်ပေပိုပြီး မြင့်ပေမဲ့ ကလေး တယောက်လို အားငယ်ပုံ ပေါ်နေခဲ့ပါတယ်။ ပြီးတော့သူ့ကို မြေအောက်ဘူတာရုံကို ကျွန်မ လိုက်ပို့ပေးခဲ့ရပါတယ်။ ရက်စက် ကြမ်းကြုတ်မှုကြောင့် ဘဝတစ်ခုလုံး ကြေမွ ပျက်စီးခဲ့ရတဲ့သူက ကျွန်မရဲ့ လက်တစ်ဘက်ကို ယဉ်ကျေးသိမ်မွေ့စွာ ကိုင်ပြီး အနာဂါတ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးခဲ့ ပါတယ်။

ကျွန်မ အသက်ရှင်နေသရွေ့ မေ့မှာ မဟုတ်တာကတော့ ရုံးအတွင်း လူသူမရှိတဲ့ စင်္ကြံမှာ လျှောက်လာရင်း ပိတ်ထားတဲ့ တံခါးတစ်ချပ် ဆီက ရုတ်တရက် ကြားလိုက်ရတဲ့ နာကြင် ချောက်ခြားစွာ အော်လိုက်တဲ့ အသံတစ်သံ ကိုပါ။ ခုအချိန် အထိလဲ အဲဒီလို အော်သံမျိုး ထပ်ပြီး မကြားခဲ့ရတော့ပါဘူး။ အော်သံအပြီးမှာ ပိတ်ထားတဲ့တံခါး ပွင့်လာပြီး သုတေသီ တစ်ယောက်ရဲ့ခေါင်း ပြူထွက်လာပါတယ်။ ပြီးတော့ ကျွန်မကို အခန်းထဲမှာ ထိုင်နေတဲ့ လူငယ်အတွက် သောက်စရာပူပူလေး တစ်ခွက်လောက် အမြန်ပြေးပြီး ဖျော်ပေးပါလို့ ခိုင်းပါတယ်။ အင်မတန်ဆိုးတဲ့ သတင်းကို အဲဒီ လူငယ်ကို ခုလေးတင်ပဲ သူပြောလိုက်လို့ပါ။ သတင်းဆိုးကတော့ အဲဒီလူငယ်က သူ့နိုင်ငံအစိုးရကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဝေဖန်တာကို လက်စားချေတဲ့အနေနဲ့ အစိုးရက သူ့ အမေကို ကွပ်မျက်လိုက်ပြီ ဆိုတဲ့ သတင်းပါ။

ကျွန်မ အလွန့်အလွန် ကံကောင်းတယ် ဆိုတာကို အသက် ၂၀ ကျော်အရွယ်မှာ အလုပ်သွားတဲ့ နေ့တိုင်းက ကျွန်မကို သတိပေးနေ ခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရှိတဲ့ နိုင်ငံမှာနေရတာ၊ အမှုအခင်းရှိရင် ရှေ့နေရှေ့ရပ်နဲ့ လျှောက်လှဲခွင့် နဲ့ အများပြည်သူတွေရဲ့ ရှေ့မှာ တရားစီရင်ခံပိုင်ခွင့် ဆိုတဲ့ အခွင့်အရေးတွေ လူတိုင်းမှာရှိတာ အဲဒါတွေဟာ ကျွန်မ အလွန့်အလွန် ကံကောင်းတယ် ဆိုတဲ့ အချက်တွေပါ။

အာဏာရဖို့ ဒါမှမဟုတ် အာဏာတည်မြဲဖို့အတွက် လူသားဟာ မိမိ နဲ့ အမျိုးတူ အခြားလူသားတွေ အပေါ်ကို ရက်စက် ကြမ်းကြုတ်စွာ ပြုမူလိမ့်မယ် ဆိုတဲ့ သက်သေ သာဓက တွေကို နေ့စဉ်ပိုပိုပြီး တွေ့လာခဲ့ရပါတယ်။ ကျွန်မနေ့ပိုင်းမှာ မြင်ခဲ့ ကြားခဲ့ ဖတ်ခဲ့ရတာ တွေဟာ ညပိုင်းမှာ ကျွန်မရဲ့ အိပ်မက်တွေထဲအထိ ရောက်လာခဲ့ပါတယ်။ တကဲ့ကို အိပ်မက်ဆိုးတွေ မက်ခဲ့တာပါ။

ဒါတွေ ကြုံခဲ့သည့်တိုင်အောင် အရင်က သိခဲ့ကြားခဲ့ရသမျှထက် ပိုတဲ့ လူသားတွေရဲ့ ကောင်းမြတ်မှုတွေကိုလဲ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှာပဲ ကြားသိခဲ့ရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဟာ အဖိနှိပ်ခံကြရတဲ့သူတွေရဲ့ ကိုယ်စား လှုပ်ရှားပေးဖို့ အတွက် ယုံကြည်မှုကြောင့် နှိပ်စက်တာ အကျဉ်းချတာ မခံရဖူးတဲ့လူ ထောင်ပေါင်းများစွာကို စုဆောင်း လှုံ့ဆော်ပါတယ်။ လူအချင်းချင်းထားတဲ့ ကရုဏာတရား ရဲ့ စွမ်းအားကြောင့် လူအများ အတူတကွ စည်းရုံးလှုပ်ရှားကြမယ်ဆိုရင် အဲဒီလှုပ်ရှားမှုက အသက်ပေါင်းများစွာကို ကယ်တင်ပါလိမ့်မယ်။ အကျဉ်းသားတွေကို လွတ်မြောက်စေပါလိမ့်မယ်။ ကိုယ့်ရဲ့ ကျန်းမာပျော်ရွှင်ရေးနဲ့ လုံခြုံရေးကို အာမခံချက်ရထားတဲ့ သာမာန်လူပေါင်း မြောက်များစွာဟာ သူတို့နဲ့မသိတဲ့ သူတို့နဲ့ ဘယ်တော့မှ တွေ့မှာမဟုတ်တဲ့ သူတွေကို စုဝေးပြီး ကယ်တင်ပါလိမ့်မယ်။ ဒီ လုပ်ငန်းစဉ်မှာ ကျွန်မ တစ်စိတ်တစ်ပိုင်းလေး ပါဝင်ခွင့် ရခဲ့ခြင်းဟာ ကျွန်မ ရဲ့ဘဝမှာ မာန်မာနတွေ အလွန်တရာ လျော့ပါးသွားစေပြီး စိတ်ဓာတ်ခွန်အား တိုးပွါးစေတဲ့ အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ အခြားသတ္တဝါတွေလို မဟုတ်ဘဲ လူသားတွေဟာ ကိုယ်တိုင် မကြုံရတဲ့အရာကို သင်ယူနိုင်ပါတယ် နားလည်နိုင်ပါတယ်။ တခြားလူတွေရဲ့ နေရာကို ကိုယ်ချင်းစာပြီး စိတ်ကူးကြည့် နိုင်ပါတယ်။

ဟုတ်ပါတယ်။ ဒီလိုလုပ်နိုင်တာဟာ ဟာ အစွမ်းတစ်ခု ပါ။ ဒီ အစွမ်း ဟာ ကျွန်မရဲ့ ဝတ္ထုတွေထဲက စိတ်ကူးယဉ် မှော်ပညာလိုပဲ လိုသလို သုံးလို့ရတဲ့ စွမ်းပကားပါ။ ဒီ အစွမ်းကို လူတွေကို ကြိုးကိုင်တဲ့ ထိန်းချုပ်တဲ့ နေရာမှာ သုံးလို့ရသလို၊ လူ့သဘာဝကို နားလည်အောင် လူတွေကို ကရုဏာ ထားတတ်အောင်လဲ အသုံးပြုလို့ ရပါတယ်။

ဒီလို သုံးလို့ရသော်လည်း အများစုက စိတ်ကူးရဲ့ အစွမ်းကို မသုံးချင်ကြပါ။ သူတို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံ ထဲမှာပဲ သက်သက်သာသာ နေနေ ကြပါတယ်။ သူတို့လို မဟုတ်တဲ့ ဘဝမျိုးမှာ မွေးခဲ့ရင် ဘယ်လို ခံစားကြရတယ် ဆိုတာကို ဒုက္ခခံပြီး စိတ်ကူးပြီး မကြည့်တော့ပါ။ အော်ဟစ်နေကြတဲ့ အသံတွေကို မကြားချင်ယောင် ဆောင်နေနိုင်ပါတယ်။ လှောင်ချိုင့်တွေထဲကို မကြည့်ဘဲ မျက်နှာလွှဲ နေနိုင်ပါတယ်။ သူတို့ကို တိုက်ရိုက်မထိခိုက်တဲ့ ဘေးဒုက္ခတွေကို စိတ်နဲ့နှလုံးသား တံခါးပိတ်ပြီး လျစ်လျူရှုလို့ နေနိုင်ပါတယ်။ ဒါတွေကို မသိချင်ဘူးလို့ ငြင်းနိုင်ပါတယ်။

ဒီလို နေနိုင်တဲ့ သူတွေကို အားကျဖို့ ကျွန်မရဲ့စိတ်ကို ဆွဲဆောင်ခံရတာမျိုး ရှိခဲ့မှာပါ။ ဒါပေမဲ့ သူတို့တတွေဟာ ကျွန်မလို အိပ်မက်ဆိုး တွေ မမက်ဘဲ အိပ်ရေးဝဝ အိပ်နိုင်နေကြတယ်လို့ ကျွန်မ မထင်ပါဘူး။ ကျဉ်းမြောင်းတဲ့နေရာမှာ အမြဲ နေနေခဲ့ရင် အပြင်ကို မထွက်ရဲ လူတောထဲ မတိုးရဲတဲ့ စိတ်ရောဂါမျိုး ဖြစ်လာပါလိမ့်မယ်။ အဲဒီရောဂါကပဲ ကြောက်စရာမျိုးစုံကို သယ်လာပါလိမ့်မယ်။ စိတ်ကူး ကြည့်ဖို့ကို သိသိကြီးနဲ့ ငြင်းဆန်နေတဲ့ သူတွေဟာ စိတ်ကူးသရဲတွေရဲ့ ခြောက်လှန့်မှုကို ပိုပြီး ခံကြရတယ်လို့ ကျွန်မထင်ပါတယ်။ အဲဒီလို လူတွေဟာ ပိုပြီး ကြောက်တတ်ကြပါတယ်။

ဒီထက်ပိုပြီး ဆိုးတာကတော့ ကရုဏာ မထားဘူးလို့ ငြင်းဆန်တဲ့သူတွေဟာ သရဲအစစ်တွေကို အားပေးရာ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင် မကောင်းမှုကို ကိုယ်ထိလက်ရောက် ဘယ်တုံးကမှ မကျူးလွန်ဘဲနဲ့ ကိုယ့်ရဲ့ ကရုဏာကင်းမှုကြောင့် အလိုလို ကြံရာပါ ဖြစ်သွားပါတယ်။

ကျွန်မ အသက် ၁၈ နှစ်အရွယ် ဂန္တဝင်စာပေဌာနရဲ့ စင်္ကြံလမ်း အဆုံးမှာ ဘာကို ရှာလို့ရှာမှန်း မသိဘဲ ရှာပုံတော် ဖွင့်ခဲ့မိစဉ်က မှတ်သားခဲ့ရတာလေး တစ်ခုပါ။ စာရေးသူက ဂရိစာဆိုတော်ကြီး ပလူးတာ့(ခ်) ပါ။ သူ့ရဲ့အဆိုက ကျွန်ုပ်တို့၏ အတွင်းစိတ်၌ အောင်မြင်မှုသည် ပြင်ပလောကကို ပြောင်းလဲလိမ့်မည် တဲ့။

ဒီအဆိုဟာ အင်မတန် အံ့ဩစရာကောင်းသော်လဲ မှန်ကန်တဲ့အကြောင်း သက်သေကို ကျွန်မတို့ရဲ့ ဘဝတွေမှာ နေ့စဉ် အကြိမ်ပေါင်း ထောင်ချီတွေ့နေရပါတယ်။ ဒီ အဆိုရဲ့ တစိတ်တပိုင်းက ဘာကို ဖော်ပြနေသလဲ ဆိုတော့ ကျွန်မတို့နဲ့ ပြင်ပကမ္ဘာရဲ့ ရုန်းထွက်လို့မရတဲ့ နှောင်ကြိုးကို ပြပါတယ်။ ကျွန်မတို့ အသက်ရှင်နေတယ် ဆိုရုံနဲ့ အခြားသူတွေရဲ့ ဘဝကိုသွားပြီး ထိတွေ့မိနေတယ် ဆိုတဲ့ အချက်ကို ပြပါတယ်။

ဒါပေမဲ့ ဟားဗာ့(ဒ်) တက္ကသိုလ်က ၂၀၀၈ ခုနှစ်မှာ ဘွဲ့ယူကြတဲ့ မောင်တို့မယ်တို့ ဟာ အခြား သူတွေရဲ့ ဘဝတွေကို ထိတွေ့ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက် ပိုပြီးများပါသလဲ။ မောင်မယ်တို့ရဲ့ ဉာဏ်ပညာ ကြိုးစားနိုင်မှု နဲ့ လေ့လာခဲ့ရတဲ့ ပညာတွေက ဘယ်သူနဲ့မှ မတူတဲ့ အဆင့်အတန်းနဲ့အတူ ဘယ်သူနဲ့မှမတူတဲ့ တာဝန်တွေကို ပေးပါတယ်။ မောင်တို့မယ်တို့ ဘယ်နိုင်ငံရဲ့ နိုင်ငံသား ဖြစ်တယ် ဆိုတာကပဲ တခြားသူတွေနဲ့ ကွာသွားပါပြီ။ မောင်မယ်တို့ အများစုဟာ ကမ္ဘာ့နောက်ဆုံးလက်ကျန် မဟာအင်အားကြီး နိုင်ငံရဲ့ နိုင်ငံသား တွေပါ။ မောင်မယ်တို့ ဘယ်လို မဲပေးသလဲ၊ ဘယ်လို နေထိုင်သလဲ၊ ဘယ်လို ကန့်ကွက်သလဲ၊ အစိုးရ ကို မောင်မယ်တို့ ဖိအား ဘယ်လောက်အထိ ပေးသလဲ ဆိုတာတွေဟာ မောင်တို့မယ်တို့ရဲ့ နိုင်ငံနယ်နမိတ်ထက် အဝေးကြီး ကျော်လွန်ပြီး အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါဟာ မောင်တို့မယ်တို့ရဲ့ အခွင့်အရေးပါ။ ပြီးတော့ မောင်တို့ မယ်တို့အတွက် ဝန်ထုပ်ဝန်ပိုးပါ။

မောင်တို့မယ်တို့ရဲ့ အဆင့်အတန်းနဲ့ ဩဇာသက်ရောက်မှုကို သုံးပြီး အသံထွက်ခွင့် မရှိတဲ့ သူတွေရဲ့ကိုယ်စား ဟစ်အော် ကြွေးကျော် ပေးမယ် ဆိုရင်၊ အင်အားရှိတဲ့ သူတွေဘက်က မရပ်ဘဲ အင်အားနဲတဲ့ သူတွေဘက်က ရပ်မယ်ဆိုရင်၊ ကိုယ်လို အခွင့်အရေး မရတဲ့ သူတွေရဲ့ ဘဝကို ဝင်ပြီး ကိုယ်ချင်းစာကြည့်နိုင်တဲ့ စိတ်ကူး စွမ်းပကားကို ကိုင်စွဲထားမယ် ဆိုရင်တော့ မောင်တို့မယ်တို့ရဲ့ ဘဝကို အခု ဂုဏ်ယူနေကြတဲ့ မိဘတွေတင်မကဘဲ မောင်တို့မယ်တို့က ရုပ်လောကကို ပြောင်းလဲပေးခြင်း ခံခဲ့ရတဲ့ ထောင်ပေါင်းများစွာ သန်းပေါင်းများစွာသော လူများကလဲ အောင်ပွဲကြီး ခံပေးပါလိမ့်မယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့က မှော်ပညာတွေ မလိုပါဘူး၊ ကျွန်မတို့အားလုံး ရဲ့ ကိုယ်ခန္ဓာထဲမှာ လိုအပ်တဲ့ စွမ်းပကားတွေ ပါနေပြီးသားပါ။ ပိုပြီးကောင်းလာအောင် စိတ်ကူးကြည့်နိုင်တဲ့ စွမ်းပကား ကျွန်မတို့မှာ ရှိပါတယ်။

ကျွန်မ ပြီးခါနီးပါပြီ။ ကျွန်မ မောင်တို့မယ်တို့ အတွက် နောက်ဆုံး မျှော်လင့်ချက်ကလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်မ အသက် ၂၁ နှစ်မှာကတဲက ရှိခဲ့တဲ့အရာပါ။ ဘွဲ့ယူတဲ့နေ့က ကျွန်မနဲ့အတူတူ ထိုင်ခဲ့တဲ့ သူငယ်ချင်းတွေဟာ ကျွန်မရဲ့ တစ်သက်တာ သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။ သူတို့တွေဟာ ကျွန်မကလေးတွေရဲ့ ခေါင်းကိုင်မိဘတွေပါ။ သူတို့တွေဟာ ကျွန်မ အကြီးအကျယ် ဒုက္ခရောက်နေချိန်တွေမှာ အားကိုးလို့ရတဲ့ သူတွေပါ။ ဟယ်ရီပေါ့တာ ထဲက သေခြင်းစားသူ မကောင်းဆိုးဝါးတွေရဲ့ နာမည်အဖြစ် သူတို့နာမည်တွေကို သုံးလိုက်တာကို တရားမစွဲတဲ့သူတွေပါ (ရယ်သံများ)။ ဘွဲ့ရတဲ့အချိန်က သူငယ်ချင်းတွေကို နှောင်ဖွဲ့ထားတာတွေကတော့ ကျွန်မတို့တတွေ အချစ်ကြီး ချစ်ကြတာရယ်၊ နောင် ဘယ်တော့မှ ပြန်မရတော့မဲ့ မျှဝေခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ရယ်၊ ပြီးတော့ နောင် တစ်ယောက်ယောက်များ ဝန်ကြီးချုပ်အဖြစ် အရွေးခံမယ်ဆိုရင် အင်မတန် တန်ဖိုးရှိမဲ့ ဓာတ်ပုံမျိုးတွေ ကျွန်မတို့မှာရှိတယ်ဆိုတဲ့ အသိရယ်ပါ (လက်ခုပ်သံများ နှင့် ရယ်သံများ)။

ဒါကြောင့် ဒီနေ့မှာ မောင်တို့မယ်တို့ ကိုလဲ အဲဒီလိုကောင်းတဲ့ သူငယ်ချင်းကောင်းတွေ ရကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။ မနက်ဖြန်မှာ ကျွန်မပြောခဲ့တဲ့ မိန့်ခွန်းကို တစ်လုံးမှ မမှတ်မိလဲ နေပါစေ။ ကျွန်မ တက္ကသိုလ်မှာတုံးက အလုပ်အကိုင် အခွင့်အလမ်းတွေကို စွန့်ပစ်ပြီး ရှေးဟောင်း ဉာဏ်ပညာတွေကို ရှာဖို့ ဂန္တဝင်စာပေဌာန ရဲ့ စင်္ကြံလမ်းထဲကို ပြေးဝင်ခဲ့စဉ်က သိကျွမ်းခဲ့ရတဲ့ ရောမသား ပညာရှိကြီး ဆယ်နက္ကာ ပြောခဲ့တဲ့ စကားကလေးကိုသာ မှတ်မိပါစေ။ သူက ပုံပြင်တစ်ခု ပမာ၊ ဘဝ ဆိုသည်မှာ၊ တိုသည်ရှည်သည် သာမည၊ ကောင်းမွန်မှုသာ ပဓာန တဲ့။

မောင်တို့မယ်တို့ အားလုံး အလွန်ကောင်းမွန်သော ဘဝများ ရကြပါစေ လို့ ဆုတောင်းပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

(လက်ခုပ်သံများ

ဘာသာပြန်သူ – မိုးကျော်စိုး
၂၀၁၅ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့

Advertisements

2 thoughts on “အရှုံး၏ အပိုဆုများ နှင့် စိတ်ကူး၏ အရေးကြီးပုံ

  1. “အရှုံးမရှိတဲ့ ဘဝမျိုး ဆိုတာတော့ မဖြစ်နိုင်ပါ။ နေရာတကာမှာ သတိတွေ အလွန်အကျွံ ထားရင်တော့ ရကောင်းရနိုင်ပေမဲ့ ဘယ်လိုမှ နေလို့ကောင်းတဲ့ ဘဝ မဖြစ်နိုင်ပါ။ အဲဒီမှာ အလိုလို နေရင်း ရှုံးပြီးသား ဖြစ်သွားပါပြီ။ စာမေးပွဲပေါင်းများစွာ အောင်မြင်စဉ်က မရခဲ့တဲ့ စိတ်လုံခြုံမှုကို အရှုံးက ကျွန်မကို ပေးပါတယ်။ ဘယ်နည်းနဲ့မှ သင်ယူလို့မရတဲ့ ကျွန်မကိုယ်၌ရဲ့ အကြောင်းကို အရှုံးက ကျွန်မကို သင်ပေးပါတယ်။”

    ဘာသာပြန်တွေဖတ်ပြီး အားမရဖြစ်ရသည်များကို ဒီဝက်ဆိုက်မှာလာပြီးကုစားနိုင်ပါပြီ။ အရေးႀကီးတာအားလုံးခြံဳငုံမိပါ၏။ ၀ါကျ ခွဲတဲ့နေရာတွေမှာ attenuation များကို တွေ႔ရပါသည်။ “sloping off to write stories during my lunch hours” ဆိုတဲ့အတွက် အချောင်ခိုတယ်လို့ မပြောဘဲ ရုံးနေ့လည်စာစားချိန်များမှာ ချောင်တနေရာကုပ်ပြီးစာတွေရေးနေလေ့ရှိတယ်လို့ ပြန်ရင်မျှတမည်ထင်ပါသည်။ အထူးကျေးဇူးတင်ပါသည်။

    Like

    • Many thanks for the encouragement and suggestions. I am still working on the structural re-construction of a long English sentence into readable Burmese sentence or sentences. It will only get better, I promise.

      Like

Comments are closed.