When China Rules the World: The End of the Western World and the Birth of a New Global Order by Martin Jacques
ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့် အခါဝယ် (အနောက်ကမ္ဘာ၏ နိဂုံး နှင့် ဂလိုဘယ်ဝါစဉ် အသစ် မွေးဖွားလာခြင်း) မာတင် ဂျိက်(စ်) ရေးသား၍ ဌေးနိုင် ဘာသာပြန်ဆို တင်ပြသည်
ဘာသာပြန်သူက စာအုပ် ရဲ့ အဖွင့် မှာ “ဤစာအုပ် သည် တရုတ် ဆန့်ကျင်ရေး ဟောပြောချက် မဟုတ်။ တရုတ်မျှော် စာတမ်းလည်း မဟုတ်။ ဤသို့ ဖြစ်တော့မည်ဟူ၍ ခြောက်လှန့်ထားသည့် အနာဂတ္ထိကျမ်း လည်း မဟုတ်ပါ။” လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ မှာ ရောင်းအကောင်းဆုံး စာအုပ် တစ်အုပ် ဖြစ်တဲ့ ဒီစာအုပ်မှာ တနေ့တခြား စီးပွါးရေး၊ နိုင်ငံရေး နဲ့ စစ်ရေးတွေ မှာ အင်အား ကြီးမားလာနေတဲ့ တရုတ်ပြည်ဟာ ဘယ်လိုပုံနဲ့ ကမ္ဘာ့ မဟာ အင်အားကြီး နိုင်ငံ ဖြစ်လာမှာလဲ၊ ဘာကြောင့်လဲနဲ့ ဘယ်တော့လောက်မှာ ဖြစ်မှာလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ နဲ့ သုံးသပ် တင်ပြထားပါတယ်။ ဘာသာပြန်သူ ကလဲ မူရင်း အာဘော်ကို မပျောက်စေပဲ မြန်မာတွေနဲ့ ရင်းနှီးပြီးသား စီးပွါးရေး၊ နိုင်ငံရေး ဝေါဟာရတွေ ကို အသုံးပြုထားတာ ကြောင့် ရှားရှားပါးပါး ဖတ်လို့ကောင်းတဲ့ နိုင်ငံရေးစာအုပ် တစ်အုပ်လဲ ဖြစ်ပါတယ်။
တနေ့တခြား ခေတ်မီ တိုးတက် လာနေ တဲ့ တရုတ်ပြည် ရဲ့တိုးတက်ပုံဟာ အနောက်တိုင်း နိုင်ငံတွေ ရဲ့ ခေတ်မီပုံ နဲ့တော့ တူမှာ မဟုတ်ဘူး လို့ ဆိုပါ တယ်။ နှစ်ပေါင်း နှစ်ထောင်ကျော် သမိုင်း ရှိတဲ့ တရုတ်ပြည် ရဲ့ ယဉ်ကျေးမှု နဲ့ တမူ ကွဲပြားတဲ့ ဘဝကို ရှုမြင်နည်း၊ မိသားစုနဲ့ အိမ်ထောင်ရေး အမြင်တွေ ပြီးတော့ တရုတ်ပြည်သာ စကြာဝဠာ၏ ဗဟိုချက် (Middle Kingdom) ဆိုတဲ့ ယုံကြည်ချက် တွေကြောင့် ခေတ်မီပုံ မှာလဲ တရုတ်ယဉ်ကျေးမှု ပုံစံအတိုင်းသာ ဖြစ်လိမ့်မယ် လို့ ဟောကိန်းထုတ် ထားပါတယ်။
စိတ်ဝင်စားစရာလဲကောင်း စိုးရိမ်စရာလဲကောင်း တာကတော့ တရုတ်လူမျိုးကြီးဝါဒ (ဟန်လူမျိုးကြီးဝါဒ) အပေါ် သုံးသပ် ဟောကိန်းထုတ်ချက် ပါပဲ။ တရုတ်လူမျိုး များစွာရဲ့ စိတ်ထဲမှာ တရုတ်ပြည်ရဲ့ အစဉ်အလာ ဟာ အာရှ ဒေသအတွင်းမှာ ပြိုင်ဘက်ကင်းပြီး တနေ့မှာ မူလ ထိပ်ဆုံးအဆင့်ကို ပြန်ရောက်မယ်လို့ လှိုက်လှိုက်လှဲလှဲ ယုံကြည် ထားကြပါသတဲ့။ မျက်မှောက် ခေတ်မှာ အိမ်နီးချင်း အာရှ နိုင်ငံ တွေကို လက်ဝေခံ အဖြစ် ဆက်ဆံခြင်းက ဒီ အတွေးအခေါ် အသက်ဝင်ဆဲ ဆိုတာကို ပြနေတယ်လို့လဲ ဆိုပါတယ်။ မဟာ အင်အားကြီး တရုတ်ပြည်ဟာ ဘယ်အတိုင်း အတာ အထိ ဟန်လူမျိုးကြီးဝါဒ ကို ကိုင်စွဲမလဲ ဆိုတာကတော့ အဖြေမရှိသေးတဲ့ မေးခွန်း တစ်ပုဒ် လို့ ဆိုပါတယ်။
တရုတ်ပြည်ရဲ့ ခေတ်မီတိုးတက် လာပုံတွေကို တင်ပြရင်း အမေရိကန် ပြည်ထောင်စုရဲ့ အင်အား ကျဆင်းလာပုံ ကိုလဲ ဆက်စပ် သုံးသပ်ထားပါတယ်။ တရုတ် တပ်မတော်က ခေတ်မီရေး အားထုတ်လာ နေတာကြောင့် တရုတ်နဲ့ အမေရိကန် စစ်အေး တိုက်ပွဲများ ဖြစ်မှာလားလို့ စိုးရိမ်စရာလဲ ရှိပါတယ်တဲ့။ ဒါပေမဲ့ အမေရိကန် တို့က တရုတ် ရဲ့ စီးပွါးရေး ခြိမ်းခြောက် မှုကို လျစ်လျူရှုပြီး စစ်ရေး ခြိမ်းခြောက်မှုကို သာ အာရုံစိုက်မယ် ဆိုရင်တော့ အမေရိကန် တို့ရဲ့ ကျဆုံးခန်း ဟာ ပိုပြီး မြန် ပါလိမ့်မယ် လို့လဲဆိုပါတယ်။
မဟာအင်အားကြီး တရုတ်ပြည်ဟာ လက်ရှိ နိုင်ငံတကာစနစ် နဲ့ စင်ပြိုင် စနစ်တခု ထူထောင်ပါလိမ့်မယ် လို့ ဟောကိန်းထုတ်ပါတယ်။ အဲဒီ စင်ပြိုင်စနစ်ကြောင့် တရုတ် နဲ့ အမေရိကန် ပဋိပက္ခ တွေ ပေါ်လာနိုင်ပါတယ် တဲ့။ အရှေ့အာရှ နဲ့ အာဖရိက ဟာ တရုတ် ဩဇာ ရပ်ဝန်း ရယ်လို့ ဖြစ်လာနိုင်ပြီး ဥရောပ နဲ့ အရှေ့အလယ်ပိုင်း ကတော့ အမေရိကန် ရဲ့ ဩဇာရပ်ဝန်း ဖြစ်မယ် လို့ ဆိုပါတယ်။
ထူးထူးခြားခြား မှတ်သားစရာ ကတော့ တရုတ်ပြည် ဆိုတာဟာ အနောက်တိုင်းပုံစံ တိုင်းပြည် နိုင်ငံ (Nation State) မဟုတ်ပဲ တရုတ်ယဉ်ကျေးမှု အပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှုနိုင်ငံ (Civilisation State) ဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့်လဲ တရုတ်ပြည် ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အနောက်တိုင်း အတွေးအခေါ် တွေနဲ့ တိုင်းလို့ မရ၊ နားလည်အောင် ကြိုးစားလို့လဲ မရပါဘူး တဲ့။ မဟာအင်အားကြီး တရုတ်ပြည် ဖြစ်လာတဲ့ အခါမှာလဲ အရင်က အနောက်နိုင်ငံတွေရဲ့ ကိုလိုနီစနစ်မျိုး အစား အခြား နိုင်ငံတွေကို ဩဇာခံအဖြစ် သိမ်းသွင်း တဲ့ ပဏ္ဏာဆက် နိုင်ငံ စနစ် (Tributary System) ကို ကျင့်သုံး လိမ့်မယ် လို့လဲ ဆိုပါတယ်။
လက်ရှိ အင်အားကြီး နိုင်ငံတွေထက် တရုတ်ပြည် က အသာစီး ရထားတဲ့ အချက်ကတော့ လူဦးရေပါဘဲ တဲ့။ တရုတ် လူမျိုးတွေဟာ ကမ္ဘာ အရပ်ရပ် ကို အလုံး အရင်း နဲ့ ရွှေ့ပြောင်း နေကြတယ် လို့လဲ ဆိုပါတယ်။ ဥရောပ၊ အမေရိက၊ ရုရှား နဲ့ နှစ်ဆယ့်တစ် ရာစု အစောပိုင်းမှာ အာဖရိက ပါမကျန် တရုတ် လူမျိုးတွေ ကြီးကြီး ကျယ်ကျယ် ပြန့်နှံ့ နေ ပါသတဲ့။ ကမ္ဘာပေါ်မှာ တရုတ်ဘာသာစကား အရေးပါလာပြီး တရုတ်လူမျိုးတွေမှာ အရိုးစွဲ နေတဲ့ တရုတ်လူမျိုးကြီးဝါဒ ပြန်လည် အသက် ဝင်လာနိုင်ပါတယ် တဲ့။ မဟာအင်အားကြီး တရုတ်ပြည် ဖြစ်လာတဲ့ အခါမှာတော့ လူမျိုးရေး နဲ့ တရုတ်ယဉ်ကျေးမှု ကို အခြေပြုပြီး ကမ္ဘာ့ နိုင်ငံ တွေ ကို အဆင့်အတန်း ခွဲခြား ဆက်ဆံ မယ်လို့ ဆိုပါတယ်။
အနောက်တိုင်းသား လေ့လာသူများ ကတော့ တရုတ်ပြည် တိုးတက်လာခြင်း ကို အမြင်နှစ်မျိုး ထဲနဲ့သာ ရှုမြင်ပါတယ် တဲ့။ ပထမ အမြင်ကတော့ တရုတ်ပြည်ဟာ စီးပွါးရေး တိုးတက်လာပြီး အနောက်တိုင်း ဆန်လာလိမ့်မယ်လို့ မြင်ပါ သတဲ့။ ဒုတိယ အမြင်ကတော့ တိုးတက်လာတဲ့ တရုတ်ပြည် ဟာ ကျရှုံးမှုနဲ့သာ အဆုံးသတ် ရမှာပါတဲ့။ ဒီအမြင်တွေ ဟာ တရုတ်ပြည် ရဲ့ ထူးခြားတဲ့ ဝိသေသ လက္ခဏာတွေ ကို လျစ်လျူရှု ထားလို့ မှားယွင်းပါသတဲ့။ တရုတ်ပြည်ကို အနောက် နိုင်ငံတွေရဲ့ ပေတံ နဲ့ တိုင်းလို့ မရဘူး လို့လဲ ဆိုပြန်ပါတယ်။
နောက် သာဓက တစ်ခု အနေနဲ့ တင်ပြထားတာ ကတော့ အနောက်နိုင်ငံ တွေက တရုတ်ပြည်မှာ အနောက်တိုင်း ပုံစံ ဒီမိုကရေစီ မရှိဘူး လို့ ဝေဖန် နေကြတဲ့ အချိန်မှာ တရုတ်ပြည်သူ ၉၅.၉ ရာခိုင်နှုံး က ဗဟို အစိုးရကို ထောက်ခံ ကြပါသတဲ့။ ၂၀၀၈ ခုနှစ် ဘဏ္ဍာ ရေး အကျပ်အတည်း က အနောက်တိုင်း စီးပွါးရေး စနစ်ရဲ့ အားနည်းချက် နဲ့ တရုတ်ပြည်ရဲ့ စီးပွါးရေး အင်အား ကြီးမားမှုရဲ့ သာဓကလဲ ဖြစ်ပါသတဲ့။ လက်ရှိ အခြေအနေမှာ တရုတ်ပြည် ဟာ နိုင်ငံပေါင်းများစွာရဲ့ အဓိက ကုန်သွယ်ဘက် ဖြစ် နေပြီး တရုတ် ရင်မင်ဘီ ဟာ ကမ္ဘာ့ ဒုတိယ ကုန်သွယ်မှု ငွေကြေး ဖြစ်လာနေပြီလို့ ဆိုပါတယ်။
လက်ရှိ မဟာအင်အားကြီး အမေရိကန်နိုင်ငံ ကတော့ သူတို့ရဲ့ ဩဇာအာဏာ ကျဆုံး ချိန်နဲ့ အလွန် နီးကပ်နေပြီ ဆိုတာကို လက်မခံ နိုင်ကြသေးပါဘူးတဲ့။ အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့ ယဉ်ကျေးမှု ကို ဂီတ၊ ရုပ်ရှင်၊ အားကစား တွေနဲ့ ဦးဆောင်သလို တရုတ်ပြည်က တရုတ် ရုပ်ရှင်ဒါရိုက်တာ တွေ၊ တရုတ် ကိုယ်ခံပညာရှင် တွေ၊ တရုတ် သတင်းဌာန တွေ၊ တရုတ် အားကစားသမား တွေ အောင်မြင်လာပါလိမ့်မယ် လို့လဲ ဆိုပါတယ်။
တရုတ်စီးပွါးရေး ရဲ့ ပမာဏဟာ ဘယ်အချိန်မှာ အမေရိကန် ကို ကျော်တက်သွားမလဲ ဆိုတာကို အနောက်နိုင်ငံ က ငွေကြေး ကုမ္ပဏီ ကြီးတွေက ဟောကိန်း ထုတ် ကြပါသတဲ့။ ၂၀၀၇ ခုနှစ် က ထုတ်ခဲ့တဲ့ ဟောကိန်း မှာ တော့ ၂၀၂၇ မှာကျော် တက် မယ် လို့ဆို ပေမဲ့ ၂၀၁၀ ပြည့်နှစ် ဟောကိန်း မှာတော့ ၂၀၂၀ ပြည့်နှစ် လို့ ရှေ့ ကိုတိုး လာပါသတဲ့။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် မှာ တော့ The Economist စာစောင်ကြီး က ၂၀၁၈ ဆိုရင် တရုတ် က ကျော်တက် ပြီလို့ ဆိုပါသတဲ့။
ဒီလို အရှိန်အဟုန် နဲ့ တိုးတက်နေတဲ့ အတွက်ကြောင့် တရုတ်ပြည် မဟာစီးပွါးရေး အင်အားကြီးနိုင်ငံ ဖြစ်လာခြင်း ကို အမေရိကန်တွေ ဘယ်လိုမှ ဟန့်တားလို့ ရမှာ မဟုတ်ပါဘူးတဲ့။ အမေရိကန် တို့ရဲ့ ကျဆုံး ခန်း ဟာ ထင်တာထက်တောင်မှ ပိုပြီး မြန်နိုင်တဲ့ အတွက်ကြောင့် တရုတ်ပြည်က ကမ္ဘာကြီး ကို ကြီးစိုး တဲ့ အနာဂတ် ဟာ ရှောင်လွှဲလို့ မရနိုင်တော့ဘူးလို့ ကောက်ချက်ဆွဲပြီး စာအုပ်ကို နိဂုံး ချုပ်ထားပါတယ်။
အဲဒီလို အကွက်စိပ်စိပ် နဲ့ စနစ်တကျ သုံးသပ် တင်ပြထားတဲ့ မာတင် ဂျိက်(စ်) ရဲ့ စာအုပ်ဟာ အပြည်ပြည်ဆိုင်ရာမှာ ရောင်းအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်သွားပြီး ဒုတိယ အကြိမ် တည်းဖြတ်ထုတ်ဝေတဲ့ စာအုပ်တောင် ထွက်နေပါပြီ။ သူ့ရဲ့ အဓိက တင်ပြချက်ဖြစ်တဲ့ တရုတ်ပြည် ဟာ တိုင်းပြည်နိုင်ငံ (Nation State) မဟုတ်ပဲ ယဉ်ကျေးမှုနိုင်ငံ (Civilisation State) ဖြစ်တယ် ဆိုတာကိုပဲ ဝေဖန်ကြ ဆွေးနွေးကြတာ တွေဟာ မနည်းပါဘူး။
သာမန် အရပ်သား စာဖတ်သူတစ်ယောက် အနေနဲ့ ဒီစာအုပ်ပါ တင်ပြချက်တွေ ထဲက တချို့ အချက်တွေကို သဘောမတူ၊ သဘောမကျ သော်လဲ တွေးစရာ၊ ဆင်ခြင် စဉ်းစားစရာ တွေ ပေးနိုင်လို့ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် လို့ညွန်းပါရစေ။ ဒီ စာအုပ်ကို လက်စွမ်းပြ ဘာသာပြန်သူ စာရေးဆရာ ဌေးနိုင် ကိုတော့ ဒီစာအုပ်ကို ဖတ်ဖြစ်သွားတဲ့ အတွက် အထူး ကျေးဇူးတင်ပါကြောင်း နဲ့ နောင်ကို လဲ ဒီလို စာအုပ်ကောင်းတွေကို ဘာသာပြန် ပေးပါဦးလို့လဲ မေတ္တာရပ်ခံ လိုက်ပါ တယ်။
You must be logged in to post a comment.