ကျွန်တော့ သူငယ်ချင်း

028-001 ကျွန်တော့ သူငယ်ချင်း သည် အလွန် သတ္တိကောင်းသူ ဖြစ်သည်။ အထက်တန်း ကျောင်းသား ဘဝ သူငယ်ချင်း တွေထဲမှာတော့ သူက ပြောရဲ ဆိုရဲ၊ လုပ်ရဲ ကိုင်ရဲ၊ သွားရဲ လာရဲ နှင့် ကျွန်တော့ သူရဲကောင်း တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်တော်တို့ တတွေ တစ်ခုခု လုပ်ဖို့ (ကောင်းတာလဲပါ၊ ဘရုတ်ကျတာလဲ ပါပါသည်) ချီတုံ ချတုံ ဖြစ်နေခဲ့လျှင် သူက “လုပ်လိုက်လေ ကြာသလားလို့” ဆိုပြီး လုပ်ချလိုက် သည်သာ ဖြစ်သည်။ အဲဒီတော့ သူငယ်ချင်း အချင်းချင်း ဖြစ်သော်လဲ “ဒီကောင် တော်တော် သတ္တိကောင်းတဲ့ ကောင်ပဲ” ဆိုပြီး ကြိတ်ပြီး လေးစားခဲ့မိသည်။

သူကိုယ်တိုင် က သတ္တိကောင်းသူ ဖြစ်သော်လဲ သူ့ထက် အားနည်းသူ များကို သနားတတ်၊ ကြင်နာတတ်သူ ဖြစ်သည်။ သူ သနားတတ်ပုံ နှင့် ပတ်သက်၍ မှတ်မှတ်ရရ အဖြစ်ကလေး တစ်ခုရှိပါသည်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသား (၁၀ တန်း ဟု ထင်သည်) တုံးကဖြစ်ပါသည်။ နေ့ခင်း ကျောင်းလွှတ်ချိန် တွင် အငယ်တန်း မှ ကလေးတစ်ယောက် ခေါင်းပေါက် ၍ ဆေးရုံ သို့ ကျွန်တော်တို့ ကျောင်းသားကြီးများ လိုက်ပို့ ကြရသည်။ အသွား တုံးကတော့ အငှါးကား နှင့် ဖြစ်သည်။ အပြန် ဆေးရုံမှ လမ်းလျှောက်ပြန်မည် ဆိုမှ ခေါင်းပေါက် ကိုယ်တော်လေး ဖိနပ်ပါမလာတာ ကို သတိ ပြုမိကြသည်။ ကျွန်တော့ သူငယ်ချင်း က “ဟေ့ကောင် မင်း ငါ့ဖိနပ် စီး” တဲ့။ ကလေးကို သူ့ဖိနပ် ပေးစီးပြီး သူကတော့ ခြေဗလာ နှင့် ဆေးရုံမှ ကျွန်တော်တို့ ပြန်ခဲ့ကြသည်။ ကျွန်တော့ သူငယ်ချင်း ၏ သနားတတ်ပုံ ကို မှတ်မှတ်ရရ။

ကျွန်တော့ သူငယ်ချင်းသည် မာန်မာန မရှိသော၊ အလွန် သဘောကောင်းသော သူဖြစ်သည်။ သူ့မှာ အပေါင်းအသင်း တွေကလဲ အများကြီး မှ အများကြီး။ ငယ်ငယ်က သူငယ်ချင်း၊ မိဘ အသိုင်းအဝိုင်း က သူငယ်ချင်း၊ အိမ်နီးချင်း သူငယ်ချင်း၊ ကျောင်းက သူငယ်ချင်း။ သူ့မှာ သူငယ်ချင်း အလွန်ပေါသည်။ ပြီးတော့ လူတိုင်း နှင့် သူက တရင်းတနှီး၊ ဖက်လှဲတကင်း ရှိသည်။ ကျွန်တော့ သူငယ်ချင်းသည် အလွန် ခင်မင်တတ်သူဖြစ်သည်။

နောက် ကျောင်းပြီးတော့ အလုပ် တာဝန် တွေအရ သူလဲ နယ်တွေ ကို ပြောင်းရ၊ ကျွန်တော်လဲ ပြည်ပကို ထွက်နှင့် သူနှင့် ကျွန်တော် တော်တော် အဆက်ပြတ်သွားခဲ့သည်။ ၂၀၁၀ ရန်ကုန် ကို ကျွန်တော် အလည် တခေါက် ပြန်ချိန် မှာ ခဏတွေ့ဖြစ် တော့ သူက ရွှင်ရွှင်လန်းလန်း ကျန်းကျန်း မာမာ။ ကျွန်တော်တို့ စကားလက်ဆုံ ပြောလို့မဝ။ နောက်တစ်ခေါက် ကျွန်တော် ရန်ကုန် ပြန် ရောက်ချိန်မှာတော့ သူ နယ်ကို ရောက်နေချိန် နှင့် ကြုံ၍ မတွေ့ဖြစ်လိုက်။

မမျှော်လင့်ပဲ သူ့ကို ဆေးရုံ တင်ထားရကြောင်း၊ ကျန်းမာရေး မကောင်းကြောင်း ကြားရတော့ သတ္တိကောင်းတဲ့ သူငယ်ချင်း ဒီတိုက်ပွဲ ကိုလဲ နိုင်ပါစေ ဆုတောင်းခဲ့သည်။ သူနဲ့ ဖုန်းပြောခွင့် ရတဲ့ အခါမှာတော့့ မင်း ဘယ်တော့ ပြန်လာမလဲ ဟုမေးနေခဲ့သည်။ နောက်ထပ် ဖုန်းပြောဖို့ အခွင့်မကြုံတော့ သူ့ ကျန်းမာရေး သတင်းကို အဝေးမှသာ နားစွင့်နေခဲ့ရသည်။

နောက်တခါ ထပ်ပြီး ဆက်သွယ်ခွင့် ရတော့ မှ သူ့ သတ္တိကို သူ့ထံမှ ကြားရသည်။ သူ့ ကိုယ် သူ ဆေး သုတေသန လုပ်ဖို့ ပေးလှူထားသည် တဲ့။ Autologous Stem Cell Transplant ကို မြန်မာပြည်မှာ သူ နဲ့ ပထမ ဆုံး စပြီး စမ်းသပ်ကြည့် မည်။ ဒီက ရလာဒ် နဲ့ နောက် လူတွေကို ကုသလို့ ရတာပေါ့ တဲ့။ သူက စိတ်ပြတ်သည်။ သတ္တိကောင်းသည်။ နောက်ဆုံး အချိန် အထိ သတ္တိပြခဲ့ သော ယောင်္ကျားကောင်း ဖြစ်သည်။

ကျွန်တော့ သူငယ်ချင်း သည် အလွန် သတ္တိကောင်းသူ ဖြစ်ပါသည်။

(သူငယ်ချင်း မျိုးထွန်း ကွယ်လွန်ခြင်း တစ်နှစ် ပြည့် အထိမ်းအမှတ်။ သူငယ်ချင်း ကောင်းရာ သုဂတိ လားပါစေ။)

One thought on “ကျွန်တော့ သူငယ်ချင်း

Comments are closed.