ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

Steve-Jobs-Stanford-Commencement-Speech

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။

ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့် လဲ ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ကို “အူဝဲ” ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က မိန်းကလေး မှလိုချင်ပါတယ်လို့ စိတ် ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင် မှာ မွေးစား မိဘ လောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ “ဒီမှာ မမျှော်လင့်ဘဲ ယောင်္ကျားလေး တစ်ယောက် ရထားတယ်။ ယူမလား” တဲ့။ မိဘများ ကလဲ “သိပ်ယူတာပေါ့” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာ ကို ကျွန်တော့ မွေးမိခင် က သိသွား တာပါ။ မွေးမိခင် ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့ရဲ့ မိဘတွေက ကျွန်တော့ကို “တက္ကသိုလ် ထားပေးပါ့မယ်” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရ တာနဲ့တန်တယ်လို့ ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး ဖြုံးနေတာပါဘဲ။

ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင် ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက် နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အ ကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်း မရှိ တော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်းမှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တစ်ခုပေးပါရစေ။

အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့ တဲ့ ကျွန်တော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံး ပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။

ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာ ကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ် ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှ တွေသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်းပြောနိုင်ပါလိမ့်မယ်။ ကျွန်တော်ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း ကို ကျွန်တော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင် ၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။

ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျွန်တော်တို့မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော်ဂျောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည် ချက် ကြောင့်ပါဘဲ။

ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။

ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျွန်တော်အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင် တန် ဝန်ထမ်း ၄ ထောင် ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အကောင်း ဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို စျေးကွက် တင်ပြီး တစ်နှစ် လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။

အဲဒီမှာ – ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ – ဇာတ်လမ်းက တော့ဒီလိုပါ။

Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ ကြပါတယ်။ ပထမတစ်နှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ်အလားအလာ တွေ ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါဘဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်ကရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့ တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။

လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများအပေါ်မှာ ကျွန်တော် တာဝန်မကျေဘူး လို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီးတောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင် ကျွန်တော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေး နဲ့ သတိပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေ ဟာ ကျွန်တော့ ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို ကန်ထုတ်တာခံရ ပေမဲ့ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှတ်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန် ထုပ် ဝန်ပိုးကြီး ကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ်ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့ တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝ တဲ့ အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့် လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ဘဝ တစ်လျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။

ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။

ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက်၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝ ရဲ့နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက် တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါတယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက် အပံ့ကိရိယာအဖြစ် ကျွန်တော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာဘဲလို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀နှစ် အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါဘဲ။ ကျန်ရစ်သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ် ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ” ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။

ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ် တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဉာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော်ပြောနိုင်ပါပြီ။

ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။

ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တစ်ခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေ ရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အတွင်းစိတ် ကနှိုးဆော် သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။ ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။ သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမညအချက်တွေပါ။

ကျွန်တော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက် တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျွန်တော်တို့တွေအတွက် တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brandဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရ သလိုပါဘဲ။ ဒီစာအုပ် ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကဲ့ကို စံနမူနာယူစရာစာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ပြည့်နေပါတယ်။

Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တစ် တွေ နောက်ဆုံးနှုတ်ဆက်ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေးထားပါတယ်။ “ဆာလောင်မွတ်သိပ် ပါ။ အရူးထပါ။” တဲ့။

The Whole Earth Catalog

ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။

“ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။”

အားလုံးကိုကျေးဇူးတင်ပါတယ်။


ဘာသာပြန်သူ – မိုးကျော်စိုး

ဒီ မိန့်ခွန်း ကို myanmaritpro.com မှာ ၂၀၀၉ ခုနှစ် ကတဲက တင်ထားပြီး ဖြစ်ပါတယ်။

မူရင်းကို http://news.stanford.edu/news/2005/june15/jobs-061505.html မှာ ဖတ်ရှုနိုင်ပါတယ်။

Video ကို တော့ https://www.youtube.com/watch?v=D1R-jKKp3NA မှာ ကြည့်နိုင်ပါတယ်။