အသဲကွဲပါစေ

၂၀၁၄ ခုနှစ် စတင်းဖို့(ဒ်) တက္ကသိုလ် ဘွဲ့နှင်းသဘင် တွင် ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) ဖောင်ဒေးရှင်း ၏ ပူးတွဲ ဥက္ကဌ များ နှင့် လူမှုအကျိုးပြု အလှူရှင်ကြီးများ ဖြစ်သော ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) တို့ပြောကြားခဲ့သော ဘွဲ့နှင်း မိန့်ခွန်း

stanford-graduation_2014_700px_v2

(ဘီ(လ်) ဂိတ်(စ်) မှ မိန့် ခွန်း ကို စပြော ပါ သည်)

ဘီ(လ်) ဂိတ်(စ်) – ၂၀၁၄ ခုနှစ် ဘွဲ့ရမောင်မယ်များ ကို ချီးကျူး ဂုဏ်ပြု ပါတယ်။ (လက်ခုပ်သံများ) ဒီဘွဲ့ နှင်းသဘင်ကို တက်ရောက်ရခွင့်လို့ မီလင်ဒါနဲ့ ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်မိ ပါတယ်။ စတင်းဖို့(ဒ်) တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ခံရတဲ့ သူတိုင်း ဝမ်းမြောက်မိမှာပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ကျွန်တော်တို့ အတွက်တော့ ထူးထူးခြားခြား ပိုပြီးတော့ ဝမ်းသာစရာ ဖြစ်ရပါတယ်။

စတင်းဖို့(ဒ်) တက္ကသိုလ်ဟာ ကျွန်တော်တို့မိသားစုရဲ့ အကြိုက်ဆုံး တက္ကသိုလ် အလျင်အမြန် ဖြစ်လာ နေပါတယ်။ မိုက်ကရို ဆော့(ဖ်) နဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ အကြိုက်ဆုံးတက္ကသိုလ် ဖြစ်နေခဲ့တာတော့ နှစ်ပေါင်းတော်တော်ကြာခဲ့ ပါပြီ။ ကျွန်တော်တို့ အဖွဲ့အစည်း တွေရဲ့ ပုံသေနည်း ကတော့ အတော်ဆုံး၊ ဖန်တီးနိုင်စွမ်း အကောင်းဆုံး သူတွေကို အရေးအကြီးဆုံး ပြသနာတွေကို ကိုင်တွယ်ခွင့် ပေးခြင်းပါ။ ဖြစ် ချင်တော့ အဲဒီလိုတော်တဲ့လူတွေ စတင်းဖို့(ဒ်) တက္ကသိုလ် မှာ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ (လက်ခုပ်သံများ)

ဒီနေ့မှာတော့ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ သုတေသန ပရိုဂျက် ၃၀ ကျော်ကို စတင်းဖို့(ဒ်) တက္ကသိုလ်မှာ သုတေသန ပြုလုပ်လျက်ရှိပါတယ်။ ကမ္ဘာ့ အဆိုးဆုံး ရောဂါတွေကို ပျောက်ကင်းအောင် ကုဖို့ ရောဂါခုခံမှုစနစ်ကို လေ့လာချင်တယ် ဆိုရင် ကျွန်တော်တို့ စတင်းဖို့(ဒ်) နဲ့ တွဲပြီး သုတေသန ပြု ပါတယ်။ ဆင်းရဲတဲ့ ကျောင်းသားတွေ ကောလိပ် ဒီဂရီတွေ ပိုပြီးရလာအောင်လို့ အမေရိကန် တက္ကသိုလ်တွေရဲ့ ပြောင်းလဲလာပုံ တွေကို လေ့လာချင်တယ် ဆိုရင် ကျွန်တော်တို့ စတင်းဖို့(ဒ်) နဲ့ တွဲပြီး သုတေသန ပြု ပါတယ်။ (လက်ခုပ်သံများ)

ဒီ တက္ကသိုလ်မှာ အလွန် ထက်မြက်တဲ့ ဉာဏ်ပညာ အလင်းဓာတ် ရှင်သန်လျက်ရှိပါတယ်။

အပြောင်းအလဲကို တံခါးဖွင့် ကြိုဆိုတဲ့ အသစ်အဆန်းကို စိတ်အားထက်သန်တဲ့ ပျော့ပြောင်းတဲ့ စိတ်ဓာတ်လဲ ဒီ တက္ကသိုလ်မှာ ရှိပါတယ်။ ဒီ တက္ကသိုလ်ဟာ အနာဂါတ်ကို တွေ့အောင်ရှာဖို့ လာကြရတဲ့ နေရာ၊ အနာဂါတ်ကို ပျော်ပျော်ကြီးရှာကြတဲ့ နေရာလဲ ဖြစ်ပါတယ်။

(မီလင်ဒါ ဂိတ်(စ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)
မီလင်ဒါ ဂိတ်(စ်) – တချို့ လူတွေကတော့ မောင်မယ်တို့ တွေကို စာကြောင်တွေ လို့ခေါ်ပါတယ်။ အဲဒီ နံမည်ကို မောင်မယ်တို့ကလဲ ဂုဏ်ယူစွာ ခံယူထားကြပါတယ်။ (လက်ခုပ်သံများ)

ဘီ(လ်) – ဟုတ်ပါတယ်၊ တို့တွေကလဲ ဂုဏ်ယူပါတယ်။

(မီလင်ဒါ နှင့် ဘီ(လ်) တို့ စာကြောင် မျက်မှန် ကို ထုတ်၍ တပ်ကြသည်။ ရယ်သံများ နှင့် လက်ခုပ်သံများ။ ဘီ(လ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)

ကျွန်တော် တပ်နေကြ မျက်မှန်နဲ့ သိပ်မထူးပါဘူး။ (ရယ်သံများ) ဟောဒီ စတင်းဖို့(ဒ်) တက္ကသိုလ်မှာ ပြောစမှတ်ပြုစရာတွေ အများကြီးပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ ကျွန်တော့ကို စတင်းဖို့(ဒ်) က ဘာကို အကြိုက်ဆုံးလဲဆိုတာကို စကားတစ်ခွန်း ထဲနဲ့ပြောပါဆိုရင်တော့ “အကောင်းမြင်စိတ်” လို့ပြောရပါမယ်။ အသစ်အဆန်း တီထွင် ဖန်တီးမှုတွေက ပြသနာ အားလုံးနီးပါးကို အဖြေရှာပေးနိုင်တယ် ဆိုတဲ့ အသိ အဲဒီ ကူးစက်ပြန့်ပွါးတတ်တဲ့ အသိစိတ် ဒီ တက္ကသိုလ် မှာ ရှိနေပါတယ်။

အဲဒီ ယုံကြည်မှု အသိစိတ်ကပဲ ကျွန်တော့ကို ၁၉၇၅ ခုနှစ်မှာ ဘော့(စ်)တွန်မြို့ပြင် ကောလိပ်တစ်ခုကနေ ထွက်ခွါပြီး မဆုံးနိုင်တဲ့ ခွင့်ရက်ရှည်ယူဖို့ တွန်းအားပေး ခဲ့တာပါ။ (ရယ်သံများ) ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်)တွေရဲ့ ဆန်းကျယ်တဲ့ မှော်ပညာက ကမ္ဘာ့ ပြည်သူတွေကို စွမ်းအားတွေ မြှင့်ပေးပြီး ကမ္ဘာကြီးကို ပိုပြီး ကောင်းသထက် ကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။

အဲဒီလို ယုံကြည်ခဲ့တာ နှစ်ပေါင်း ၄၀ နီးပါး ရှိခဲ့ပါပြီ။ မီလင်ဒါ နဲ့ ကျွန်တော်တို့ရဲ အိမ်ထောင်သက်လဲ နှစ် ၂၀ ရှိပါပြီ။ ကျွန်တော်တို့ နှစ်ယောက်စလုံး အခုဆိုရင် အရင်ကထက်တောင်မှ ပိုပြီး အကောင်းမြင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက်အတွင်းမှာ ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်ဟာ ဆင့်ကဲ ပြောင်းလဲခဲ့ပါတယ်။ အဲဒီ သင်ခန်းစာ တွေကို မောင်တို့မယ်တို့ကို ပြောပြချင်ပါတယ်။ ပြီးတော့ ဒီနေ့ ပြောပြချင်တာက မောင်တို့မယ်တို့ရဲ့ ကောင်းမြင်စိတ် နဲ့ ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်တွေဟာ အများပြည်သူတွေကို ဘယ်လိုပိုပြီးတော့ အကျိုးပြု ပေးနိုင်မယ် ဆိုတာပါ။

ပေါ(လ်)အယ်လင် နဲ့ ကျွန်တော်တို့ မိုက်ကရို ဆော့(ဖ်) ကို စတင်ခဲ့တဲ့ အချိန်က ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်) တွေရဲ့ စွမ်းအားတွေကို အများ ပြည်သူတွေကို ပေးချင်ခဲ့ကြ တာပါ။ အဲဒီလိုပဲ ကျွန်တော်တို့ လှုံ့ဆော်ကြေငြာ ခဲ့ပါတယ်။ ကွန်ပျူတာ လောကရဲ့ ရှေ့ဆောင်လမ်းပြ စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံး ပေါ်မှာက လက်သီးဆုတ်ပြီး လက်မြောက်ထားတဲ့ ပုံနဲ့ပါ။ စာအုပ် နာမည်ကလဲ ကွန်ပျူတာ လွတ်မြောက်ရေး (Computer Lib) တဲ့။ အဲဒီ အချိန်က စီးပွါးရေး လုပ်ငန်းကြီးတွေမှသာ ကွန်ပျူတာ ဝယ်နိုင်ခဲ့တာပါ။ ကွန်ပျူတာရဲ့ အဲဒီလို စွမ်းပကားတွေကို သာမန်ပြည်သူတွေကို ကျွန်တော်တို့ ပေးအပ်ချင်ခဲ့ပါတယ်။ ကွန်ပျူတာ စွမ်းပကား ကို ဒီမိုကရေစီ ရအောင် လုပ်ပေးချင်ခဲ့ ပါတယ်။

၁၉၉၀ ခုနှစ်တွေ ကို ရောက်တဲ့ အခါမှာတော့ ကိုယ်ပိုင်သုံး ကွန်ပျူတာ တွေဟာ ပြည်သူတွေကို ဘယ်လောက်အထိ အားပြင်းပြင်း နဲ့ စွမ်းအားမြှင့်ပေးနိုင်တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အောင်မြင်မှုကပဲ အကျပ်အတည်း ပြသနာအသစ် တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ တကယ်လို့ ချမ်းသာတဲ့ ကလေးတွေမှာ ကွန်ပျူတာရှိပြီး၊ ဆင်းရဲတဲ့ ကလေးတွေမှာ ကွန်ပျူတာ မရှိခဲ့ရင် ဒီနည်းပညာက လူတန်းစား မညီမျှမှုကို ပိုပြီး ဆိုးအောင်လုပ်မှာပါ။ ဒီပြသနာက ကျွန်တော်တို့ ရဲ့ အဓိက ယုံကြည်ချက်နဲ့ ပြောင်းပြန် ဖြစ်နေခဲ့ပါတယ်။ နည်းပညာက လူတိုင်းကို အကျိုးပြု သင့်ပါတယ်။ ဒါကြောင့်မို့ အဲဒီ ဒစ်ဂျစ်တယ် (ကွန်ပျူတာ) ကွာဟချက် ကို ပပျောက်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အဲဒီပြသနာကို မိုက်ကရို ဆော့(ဖ်) မှာ ဦးစားပေးအဆင့် ထားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဖောင်ဒေးရှင်း မှာလဲ ကနဦးပိုင်းမှာ ဒီပြသနာကို ဦးစားပေးအဆင့် ထားခဲ့ပါတယ်။ အများပြည်သူသုံး စာကြည့်တိုက် တွေကို ကွန်ပျူတာ တွေလှူဒါန်းပြီး လူတိုင်း ကွန်ပျူတာကိုင်ခွင့် ရအောင်လုပ်ပေးခဲ့ပါတယ်။

ကျွန်တော် တောင်အာဖရိကကို ပထမဆုံး အကြိမ် သွားတဲ့ ၁၉၉၇ ခုနှစ်မှာတော့ ဒီ ဒစ်ဂျစ်တယ် ကွာဟမှု ပြသနာဟာ ကျွန်တော့ရဲ့ ဦးတည်ချက်ပါ။ တောင်အာဖရိကကို ကျွန်တော် အလုပ်ကိစ္စနဲ့ သွားခဲ့တာပါ။ ဒါကြောင့်လဲ ဂျိုဟန်နက်(စ်)ဘာ့(ဂ်) မြို့လယ်မှာပဲ အစည်းအဝေးတွေ တက်ပြီး အနေများခဲ့ပါတယ်။ တည်းတော့လဲ တောင်အာဖရိက က အချမ်းသာဆုံး မိသားစုတစ်စုရဲ့ အိမ်မှာပဲ ကျွန်တော် တည်း ခဲ့ပါတယ်။ အဲဒီ အချိန်က နယ်(လ်)ဆင် မန်ဒဲလား ကို ရွေးချယ်တင်မြှောက်ပြီး အသားအရောင် ခွဲခြားမှုကို အဆုံးသတ်တဲ့ အထိမ်းအမှတ် ပြုခဲ့တာ သုံးနှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော့ တည်းအိမ်မှာ အိမ်ရှင်တွေနဲ့ ညစာစားဖို့ ထိုင်ပြီ ဆိုရင် အိမ်ရှင်တွေက စားပွဲထိုးမှူးကို ခေါင်းလောင်းတီး ပြီးခေါ်ပါတယ်။ ညစာစားပြီးပြီ ဆိုရင်တော့ ယောက်ျားတစ်စု မိန်းမတစ်စု ခွဲပြီး ယောက်ျားတွေက ဆေးပြင်းလိပ် သောက်ကြပါတယ်။ ကျွန်တော် စဉ်းစားမိတာကတော့ “ဂျိန်းအော်စတင် ဝတ္ထု ဖတ်ခဲ့ဖူးလို့သာပေါ့၊ ဒါမှမဟုတ်ရင် ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် သိမှာမဟုတ်ဘူး” လို့ပါ။ (ရယ်သံများ)

နောက်နေ့မှာတော့ ကျွန်တော် ဆိုဝေတိုမြို့နယ် ကို သွားခဲ့ပါတယ်။ ဆိုဝေတို ဟာ ဂျိုဟန်နက်(စ်)ဘာ့(ဂ်) မြို့ရဲ့ အနောက်တောင်ဘက် မှာရှိတဲ့ ဆင်းရဲတဲ့ မြို့ကလေးပါ။ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ဗဟိုချက် ဖြစ်ခဲ့တဲ့ နေရာပါ။

ဒီ မြို့နယ်ဟာ မြို့လယ်နဲ့ အနီးကလေးပါ။ ဒါပေမဲ့ မြို့နယ်ထဲကို အဝင်ကတော့ ရုတ်တရက်နဲ့ ကြမ်းတမ်း ပြင်းထန် လှပါတယ်။ ကျွန်တော် လာခဲ့တဲ့ ကမ္ဘာနဲ့ လုံးဝကွဲပြားတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။

အဲဒီ ဆိုဝေတိုခရီး ကတော့ ကျွန်တော် ဘယ်လောက် ညံ့သေးသလဲ ဆိုတာကို အသိပေးတဲ့ ရှေးဦးသင်ခန်းစာ ဖြစ်ခဲ့ပါတယ်။

မိုက်ကရို ဆော့(ဖ်) ကနေပြီး ဆိုဝေတို က လူထုရိပ်သာ တစ်ခုကို ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်)တွေ လှူခဲ့တာပါ။ အမေရိကန်မှာ ကျွန်တော်တို့ လှူခဲ့တဲ့ အတိုင်းပါပဲ။ ဒါပေမဲ့ ဆိုဝေတို ဟာ အမေရိကန် မဟုတ်ဖူး ဆိုတာကို ကျွန်တော် အလျင်အမြန်ပဲ သဘောပေါက် ခဲ့ ပါတယ်။

ဆင်းရဲမွဲတေမှု အကြောင်း စာရင်းဇယားတွေ ကို ကျွန်တော် တွေ့ခဲ့ဘူး ပါတယ်။ ဒါပေမဲ့ တကဲ့ ဆင်းရဲမွဲတေမှု ကိုတော့ မျက်ဝါးထင်ထင် ကျွန်တော် မတွေ့မြင်ခဲ့ ဘူးပါ။ အဲဒီက လူတွေဟာ သွပ်ပြားတင်းကုပ် တွေထဲမှာ မီးမရှိ၊ ရေမရှိ၊ အိမ်သာမရှိ နဲ့ နေ နေခဲ့ကြတာပါ။ လူအများစုမှာ ဖိနပ်လဲ မရှိပါဘူး။ လမ်းပေါ်မှာ ခြေဗလာနဲ့ လျှောက်သွား နေခဲ့ကြတာပါ။ တကယ်တော့ လမ်းဆိုတာလဲ မရှိပါ။ ရွှံ့ထဲမှာ ကားဘီးရာ အစင်းကြောင်းကြီးတွေ ပဲရှိပါတယ်။

လူထုရိပ်သာ မှာလဲ ပုံမှန် လျှပ်စစ်မီး မရပါ။ ရိပ်သာကနေ ပေ ၂၀၀ လောက်ရှည်တဲ့ မီးကြိုးကို သွယ်ပြီး အပြင်ဘက်က ဒီဇယ် မီးစက် တစ်ခုနဲ့ ဆက်ထားပါတယ်။ ဒီလို ဆက်ထားပုံ ကိုကြည့်ပြီး ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်နဲ့ သတင်းထောက် တွေ ပြန်သွားတာနဲ့ မီးစက် ကို သူ့ထက်ပိုပြီး အရေးကြီးတဲ့ နေရာကို ချက်ခြင်းရွှေ့၊ လူထုရိပ်သာက လူတွေကလဲ ကွန်ပျူတာနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြသနာတွေကို ပြန်ပြီး ရင်ဆိုင်ဖြေရှင်းကြပါလိမ့်မယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါမှာ ကြိုတင်ပြင်ဆင် ထားတဲ့အတိုင်း ကျွန်တော်ပြောခဲ့တာကတော့ “ဆိုဝေတိုဟာ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ တိုးတက်တဲ့ နည်းပညာ တွေက ဖွံ့ဖြိုးဆဲ ကမ္ဘာကို နောက်ချန် ထားခဲ့မလား ဆိုတဲ့ ဆုံးဖြတ်ချက်ကြီးတွေ ကို ရှေ့အနာဂါတ်မှာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီ ကွန်ပျူတာအလှူ က အဲဒီ ကွာဟမှုကိုဖြည့်ဆည်းပေး ဖို့ပါ။”

အဲဒီ စာသားတွေကို ဖတ်နေရင်း မှာပဲ ဒီ စာသားတွေဟာ လက်တွေ့နဲ့ ဘာမှ မဆိုင်တာကို သိလာခဲ့ ပါတယ်။ ကျွန်တော် မပြောခဲ့တဲ့ အချက်ကတော့ “ကြုံကြိုက်တုံးပြောရရင် ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူ ၅သိန်း ငှက်ဖျားရောဂါနဲ့ သေနေတယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့ စိတ်မဝင်စား ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ က ခင်ဗျားတို့ကို ကွန်ပျူတာတွေ အလကားပေးမှာတော့ အကျိုးနဲအောင် ကျိန်းသေပါတယ်။”

ဆိုဝေတိုကို ကျွန်တော် မသွားခင် ကတော့ ကမ္ဘာကြီးရဲ့ ပြသနာ တွေကို ကျွန်တော်နားလည်တယ် လို့ ကိုယ့်ဟာကိုယ် ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ အဓိက အရေး အကြီးဆုံး အချက်တွေ ကိုတော့ ကျွန်တော် မမြင်ခဲ့မိပါ။ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အချက်တွေက ကျွန်တော့ကို အကြီးအကျယ် တုံလှုပ်ချောက်ခြားစေခဲ့ပါတယ်။ ဒါကြောင့် “ကမ္ဘာကြီးရဲ့ အခက်အခဲဆုံး ပြသနာ တွေကို အသစ်အဆန်း တီထွင်မှုတွေက ဖြေရှင်းပေးနိုင်မယ်လို့ ငါ ယုံကြည်သေးရဲ့လား” လို့လဲ ကိုယ့်ဟာကိုယ် မေးခွန်း ထုတ်ခဲ့ရပါတယ်။

အာဖရိကကို နောက်တခေါက် ပြန်မလာခင် လူတွေ ဘာကြောင့် ဆင်းရဲနေကြတာလဲ ဆိုတာကို ပိုပြီး နားလည်အောင် လေ့လာမယ် လို့ ကိုယ့်ဟာကိုယ် သန္နိဋ္ဌာန် ချခဲ့ပါတယ်။

ဒီနောက်ပိုင်း နှစ်တွေမှာတော့ ဆင်းရဲသားများ အတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေဟာ ဘာတွေလဲ ဆိုတာကို မီလင်ဒါ နဲ့ ကျွန်တော်တို့ လေ့လာခဲ့ ပါတယ်။ တောင်အာဖရိကကို နောက်ထပ် သွားတဲ့ ခရီး တစ်ခေါက်မှာတော့ ဆေးမျိုးစုံ မတိုးတဲ့ တီဘီ ရောဂါ (multi-drug-resistant tuberculosis – MDR-TB) ကို ကုသပေးတဲ့ ဆေးရုံတစ်ရုံ ကို သွား ကြည့်ခဲ့ပါတယ်။ အဲဒီ MDR-TB ရောဂါ ကို ကုသပျောက်ကင်း တဲ့ နှုန်းက ၅၀ ရာနှုန်း တောင်မရှိပါဘူး။

အဲဒီ ဆေးရုံ ကိုတော့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့နေရာ တစ်နေရာ အဖြစ် အမှတ်ရမိပါတယ်။ ဆေးရုံ ကတော့ လူနာတွေ ပြည့်နှက်နေတဲ့ ဧရာမ ခန်းမကျယ်ကြီး တစ်ခုပါ။ နှာခေါင်းစွပ် တွေစွပ်ပြီး၊ ညဝတ်အင်္ကျီတွေ ဝတ်ထားတဲ့ လူနာတွေ ဟာ ခန်းမကြီးထဲမှာ တလှုပ်လှုပ် နဲ့ သွားနေကြပါတယ်။

ကလေးတွေ အတွက်ကတော့ သီးသန့် အထပ်တစ်ထပ်ရှိပါတယ်။ ကလေး အငယ်လေး တွေကတော့ အဲဒီ အထပ်မှာပဲ ခုတင်ကလေးတွေ နဲ့ပါ။ ကျောင်းတက်နိုင်လောက်အောင် နေကောင်းတဲ့ ကလေးတွေ အတွက်တော့ ဆေးရုံမှာပဲ ကျောင်းလေး တစ်ကျောင်းလဲ ရှိပါတယ်။ ကလေး အများစု ကတော့ ကျောင်းမတက်နိုင် ကြပါဘူး။ ဆေးရုံ ကလဲ ကျောင်းကိုဆက်ပြီး ဖွင့်ထားသင့်သလား၊ မသင့်သလား သိပုံမရပါဘူး။

အသက် သုံးဆယ်ကျော်သာ ရှိသေးတဲ့ အမျိုးသမီး လူနာတစ်ယောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူဟာ တီဘီ ဆေးရုံ တစ်ခုမှာ အလုပ်လုပ် နေရင်း ချောင်း စဆိုး ပြီး ရောဂါဖြစ်လာခဲ့တာပါ။ ဆရာဝန်ကို သွားတွေ့တဲ့ အခါမှာတော့ ဆရာဝန်က သူ့ကို ဆေးမတိုးတဲ့ တီဘီ ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ သူ့မှာ AIDS ရှိနေတာ တွေ့ခဲ့ပါတယ်။ သူသိပ်ပြီး ကြာကြာ နေရတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ခုတင် နေရာလွတ်သွား ရင် အဲဒီ နေရာကို ယူဖို့ စောင့်နေတဲ့ MDR တီဘီ လူနာတွေ ကလဲ အများကြီးပါ။

ဒီ ငရဲဘုံ မှာက တန်းစီစနစ် နဲ့ပါ။

ဒီ ငရဲဘုံ ကိုမြင်ခဲ့ရပေမဲ့ ကျွန်တော့ရဲ့ အကောင်းမြင်စိတ် ကို လျော့မသွားစေခဲ့ပါဘူး။ လမ်းကြောင်းတောင်မှ ဖော်ပေးခဲ့ပါသေးတယ်။ ဆေးရုံက ထွက်ပြီး ကားထဲကို ရောက်တာနဲ့ ကျွန်တော်တို့နဲ့ အလုပ်လုပ် နေတဲ့ ဆရာဝန်ကို ပြောပါတယ်။ “ဒီ MDR-TB ကို ကုသဖို့ ခက်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီလူနာတွေ အတွက် ကျွန်တော်တို့ တစ်ခုခု လုပ်ပေးနိုင်ဖို့တော့ သင့်တယ်” လို့ပြောခဲ့ ပါတယ်။ အခုနှစ်မှာတော့ TB ဆေး စနစ် အသစ်ကို စတင်ခဲ့တာ တတိယအဆင့် အထိ ရောက် ရှိခဲ့ပါပြီ။ ဆေးနဲ့ တည့်တဲ့ လူနာတွေမှာ ဆိုရင် အရင်က ၁၈ လ ကြာပြီး ဒေါ်လာ ၂၀၀၀ ကုန်အောင် ကုမှ ၅၀ ရာခိုင်နှုန်း ပဲပျောက်တယ် ဆိုတဲ့ နှုန်းအစား ခုအခါမှာ ဆေးဖိုး ဒေါ်လာ ၁၀၀ တောင်မှ မကုန်ပဲနဲ့ ၆ လ အကြာမှာ ၈၀ – ၉၀ ရာခိုင်နှုန်း ပျောက်ကင်း တဲ့အထိ ကုသ ပေးနိုင်ပါပြီ။ (လက်ခုပ်သံများ)

ဒီ ပျောက်ကင်းနှုန်း ဟာ အဆပေါင်းတစ်ရာပိုပြီး ကောင်းတဲ့ နှုန်းထားပါ။ (လက်ခုပ်သံများ)

အကောင်းမြင်စိတ် ကို လွဲမှားသော မျှော်လင့်ချက် ဆိုပြီး ပြစ်ပယ်လေ့ ရှိပါတယ်။ ဒါပေမဲ့ လွဲမှားသော မျှော်လင့်ချက် ကင်းမဲ့ခြင်း ဆိုတာလဲ ရှိပါတယ်။

ဆင်းရဲ မွဲတေမှု နဲ့ ရောဂါဆိုး တွေကို ဘယ်တော့မှ အနိုင်ရနိုင် မှာ မဟုတ်ဘူး လို့ ပြော တဲ့ စိတ်ဓာတ်မျိုး ကသာ လွဲမှားသော မျှော်လင့်ချက် ကင်းမဲ့ခြင်း ပါ။

ကျွန်တော်တို့ နိုင်မှာ လုံးဝ သေချာပါတယ်။

(မီလင်ဒါ ဂိတ်(စ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)

မီလင်ဒါ ဂိတ်(စ်) – အဲဒီ တီဘီ ဆေးရုံ က အပြန်မှာ ဘီ(လ်) ကျွန်မကို ဖုန်း ဆက်ပါတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ ခရီးထွက်ရာက ဖုန်းဆက်ရင် တစ်နေ့တာရဲ့ အစီအစဉ် ကို ပြန်ပြောလေ့ ရှိပါတယ်။”ဒီနေ့ ဘာလုပ်ခဲ့တယ်။ ဘယ်တွေ သွားခဲ့တယ်။ ဘယ်သူတွေ ကို တွေ့ခဲ့တယ်။” လို့ပြောကြလေ့ ရှိပါတယ်။ အဲဒီနေ့ ကတော့ အဲဒီလို မဟုတ်ပါဘူး။ ဘီ(လ်) က “ဒီနေ့ ဘယ်တုံးကမှ မရောက်ဘူးတဲ့ နေရာမျိုးကို ရောက်ခဲ့တယ်” တဲ့ ပြီးတော့ သူ့အသံ ဆို့ဝင်သွားပြီး စကား ဆက်မပြောနိုင်တော့ပါဘူး။ နောက်တော့ “အိမ်ပြန်ရောက်ရင် အဲဒီအကြောင်းကို ပြောပြမယ်” လို့ပြောပြီး ဖုန်းချသွားပါတယ်။

ဘီ(လ်)ရဲ့ စိတ်ထဲမှာ ဘယ်လို ခံစား နေခဲ့ရတယ် ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေသူများကို မြင်ရတဲ့ အခါမှာ ကျွန်မတို့မှာ ရင်နင့် ကြေကွဲကြရပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးချင်ရင်တော့၊ အဆိုးဆုံး တွေကို တွေ့မြင်ကြရမှာပဲ။ အဲဒီနေ့ က ဘီ(လ်) ခံစားခဲ့ရတာ အဲဒီအတိုင်းပါပဲ။ ကျွန်မမှာလဲ အဲဒီလို ခံစားခဲ့ရတဲ့ နေ့မျိုးတွေ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်မ အိန္ဒိယ ကို မိတ်ဆွေတွေနဲ့ ခရီးသွားခဲ့ ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ ကြေးစား ကာမလုပ်သား အမျိုးသမီးများနဲ့ တွေ့ဆုံ စကားပြော ခဲ့ပါတယ်။ ကျွန်မက သူတို့တွေကို AIDS ရဲ့ အန္တရာယ် တွေကို ပြောပြမယ်လို့ မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ပြောချင်တာက သူတို့တွေ ဘယ်လို အနှိမ်ခံ ဖိနှိပ် ခံနေ ကြရတယ် ဆိုတဲ့ အကြောင်းပါ။ ဒီ အမျိုးသမီးတွေထဲ က အများစုဟာ လင် ယောက်ျားတွေရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရသူ တွေပါ။ ဒါကြောင့်လဲ ကြေးစားဘဝကို ရောက်လာခဲ့ ကြသူတွေပါ။ သူတို့ရဲ့ ကလေးတွေ စားလောက်ရုံ ရဖို့အတွက် ပိုက်ဆံရှာ နေကြရတာပါ။ လူ့အသိုင်းအဝိုင်းရဲ့ အောက်ဆုံး အဆင့်လို့ အမြင်ခံရတဲ့ အတွက် သူတို့တွေကို ရဲတွေပါ အပါအဝင် လူတိုင်းက မုဒိမ်းကျင့်နိုင်၊ ဒါးမြတိုက်နိုင် ပါတယ်။ အဲဒါကိုလဲ ဘယ်သူကမှ ဂရုမစိုက်ပါဘူး။

သူတို့တွေ နဲ့ သူတို့တွေရဲ့ ဘဝအကြောင်းတွေကို ပြောရတာ အလွန်ပဲ စိတ်ထိခိုက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မ အမှတ်အရဆုံး အချက်ကတော့ သူတို့တတွေ ကျွန်မကို ဘယ်လောက်တောင် ထိကြည့်ချင်တာ၊ ဘယ်လောက်တောင် သူတို့ကို ထိတာကို ခံချင်တာ ပါပဲ။ အသားချင်း ထိလိုက်ရရင် သူတို့ မှာ တန်ဖိုးရှိကြောင်း သက်သေ သာဓက ရသွားသလို ပါပဲ။ ကျွန်မ ပြန်ခါနီး ကြတော့ ကျွန်မတို့အားလုံး လက်တွေချိတ်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့ကြပါတယ်။

အဲဒီနေ့ နေ့ခင်းပိုင်းမှာတော့ ကွယ်လွန်ခါနီး လူမမာတွေကို ပြုစုပေးတဲ့ ဂေဟာ တစ်ခု မှာ အချိန်အတော်ကြာခဲ့ပါတယ်။ အဲဒီ ဂေဟာထဲကို ဝင်လိုက်တော့ ခန်းမ အကျယ်ကြီး တစ်ခုထဲမှာ ခုတင် တွေ အတန်းလိုက် အတန်းလိုက် ချထားတာကို တွေ့ရပါတယ်။ ခုတင်တိုင်းမှာတော့ လူနာစောင့် တွေနဲ့ပါ။ ဒါပေမဲ့ အဝေးဆုံး ထောင့်က ခုတင် တစ်ခုမှာတော့ ပြုစုမဲ့သူ မရှိတာကို တွေ့ရလို့ ကျွန်မလဲ အဲဒီ ခုတင် ဆီကို လျှောက်သွား ခဲ့ပါတယ်။ လူနာကတော့ အသက် သုံးဆယ်ကျော်လောက် လို့ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သူ့ရဲ့ မျက်လုံးတွေကို ကျွန်မ မှတ်မိ နေပါတယ်။ ကြီးမား ဝိုင်းစက်ပြီး ဝမ်းနည်း ရိပ်သန်းနေတဲ့ အညိုရောင် မျက်လုံးတွေပါ။ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ပိန်ချုံးနေပြီး ကွယ်လွန်ခါနီး တဲတဲ ကလေးပဲ လိုတော့တဲ့ ပုံပါ။ သူ့ရဲ့ အူသိမ်တွေကလဲ ဘာကိုမှ ထိန်းမထား နိုင်တော့ပါဘူး။ ဒါကြောင့် သူ့ကို အခင်းမှာ အပေါက်ပါတဲ့ ခုတင်ကို ပေးထားပါတယ်။ အဲဒီတော့ ခုတင်အောက် မှာ ရှိတဲ့ အိုးထဲကို အကုန်လုံး ဒလဟော သွန်ပြီးကျနေတာပါပဲ။

သူ့မှာ AIDS ရှိနေတယ်လို့ ကျွန်မပြောနိုင်ပါတယ်။ သူ့ရဲ့ပုံစံကို ကြည့်ရတာရယ် ပြီးတော့ ခန်းမရဲ့ ထောင့်မှာ တစ်ယောက်ထဲ ထားတာရယ် ကြောင့်ပါ။ AIDS ရောဂါ ကြောင့် အနှိမ်ခံ ရတာကတော့ ရက်စက်လွန်း ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အပေါ်မှာ ပိုပြီးဆိုးပါတယ်။ အပြစ်ပေးတဲ့ နည်းကတော့ စွန့်ပစ်ခြင်းပါ။

သူ့ရဲ့ ခုတင်ဘေးကို ကျွန်မ ရောက်သွားတဲ့ အခိုက်မှာတော့ လုံးဝမျှော်လင့်ချက်ကင်းမဲ့ မှုကို ရုတ်တရက် ခံစားလိုက်ရ ပါတယ်။ သူ့ကို ကျွန်မ ကူညီပေးနိုင်တာ ဘာတစ်ခုမှ မရှိပါ။ သူ့ကို မကယ်နိုင်တော့ဘူး ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို တစ်ယောက်ထဲ မထားနိုင်ပါ။ အဲဒီတော့ ခုတင်ဘေးမှာ ဒူးထောက်ပြီး သူ့ရဲ့ လက်ကလေးကို လှမ်းပြီး ထိလိုက် ပါတယ်။ ကျွန်မရဲ့ လက်နဲ့ ထိလိုက် မိတာနဲ့ လက်ကို ဆုတ်ထားပြီး ပြန်လွှတ် မပေးတော့ပါဘူး။ လက်ကိုကိုင်ပြီး ထိုင်နေတုန်း မှာ ကျွန်မပြောတာကို သူနားမလည်မှန်း သိရက် နဲ့ “အားလုံး ကောင်းသွားမှာပါ။ အားလုံး ကောင်းသွားမှာပါ။ ဒါ မင်းအပြစ် မဟုတ်ပါဘူး။ ဒါ မင်းအပြစ် မဟုတ်ပါဘူး။” လို့ပြောနေမိပါတယ်။

တော်တော် ကြာမှ သူ့ရဲ့ လက်ညိုး နဲ့ အပေါ်ကို ညွှန်ပြပါတယ်။ နေ့အလင်းရောင် ရှိခိုက်မှာ ဆေးရုံရဲ့ အမိုးပေါ်ကို တက်ပြီး အပေါ်မှာ ထိုင်ချင်တယ်လို့ ပြောချင်တာ ကိုတော့ ကျွန်မ အတော်ကြာမှ သဘောပေါက်ခဲ့တာပါ။ ဆေးရုံ အလုပ်သမ တစ်ယောက်ကို လုပ်ပေးလို့ရမလားလို့ မေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာလဲ စောင့်ရှောက်စရာ လူနာတွေ အများကြီးနဲ့မို့ အလုပ် မအားပါဘူး။ သူက ပြောပါတယ် “ဒီအမျိုးသမီးက ကွယ်လွန်ခါနီး တဲတဲကလေးပဲ ကျန်တော့တာပါ။ ကျွန်မမှာက ဆေးတွေ ဝေပေးရမဲ့ တာဝန် ရှိပါသေးတယ်” တဲ့။ နောက်တစ်ယောက် ကို ထပ်မေးတော့လဲ ဒီ အဖြေပဲ ရပါတယ်။ ညနေစောင်းလာတော့ နေဝင်ခါလဲ နီးလာပါပြီ။ ကျွန်မလဲ ပြန်ရတော့မှာပါ။ ဘယ်သူကမှ သူ့ကို အပေါ်ထပ်ကို ပို့ပေးချင်တဲ့ပုံ မပေါ်ပါဘူး။

ဒါနဲ့ နောက်ဆုံးတော့ ကျွန်မ ကိုယ်တိုင်ပဲ သူ့ကို ပွေ့ပြီး ချီလိုက်ပါတယ်။ သူ့မှာက အရိုးပေါ် အရေတင် နဲ့ အရိုးချည်း သာကျန် တော့တာပါ။ ကျွန်မသူ့ကို အပေါ်ထပ်ကို ပွေ့ပြီး သယ် ခဲ့ပါတယ်။ အမိုးပေါ်မှာတော့ လေတိုက်ရင် လဲကျတတ်တဲ့ ပလပ်စတစ် ကုလားထိုင်မျိုး တွေရှိနေခဲ့ပါတယ်။ ကျွန်မသူ့ကို အဲဒီ ကုလားထိုင် တစ်ခုပေါ်မှာချ၊ နောက် ကုလားထိုင် တစ် ခုပေါ်မှာ သူ့ရဲ့ ခြေထောက်တွေ ကိုတင် ပြီးတော့ စောင်တစ်ခုကို သူ့ရဲ့ ခြေထောက်တွေ ပေါ်မှာ လွှမ်းထား ပေးခဲ့ပါတယ်။

သူက အဲဒီမှာ အနောက်ဘက် ကို မျက်နှာပြုလျက် ထိုင်ပြီး နေဝင်တာကို ငေးကြည့် နေခဲ့ပါတယ်။ ဆေးရုံ က အလုပ်သမားတွေကို လူနာကို အပေါ်ထပ်ကို တင်ပေးခဲ့ကြောင်းနဲ့ ပြီးလို့ နေဝင်သွားရင် အောက်ကို ပြန်ပြီး ချပေးဖို့ သေသေချာချာ မှာထားခဲ့ပါတယ်။ ပြီးတော့ ကျွန်မ သူ့ကိုထားခဲ့ရပါတယ်။

ဒါပေမဲ့ သူကတော့ ကျွန်မကို ဘယ်တော့မှ ခွဲမသွားတော့ပါ။

ဒီ အမျိုးသမီးရဲ့ ကွယ်လွန်ခါနီးဆဲဆဲ အချိန်မှာ ကျွန်မဟာ ဘက်ပေါင်းစုံက လုံးဝ အစွမ်းအစ မရှိတဲ့ သူလို့ ခံစားခဲ့ရပါတယ်။

ဒါပေမဲ့ တခါတလေမှာတော့ ကိုယ်က အကူအညီ မပေးနိုင်တဲ့သူတွေဟာ ကိုယ့်ကို စိတ်ဓာတ်ခွန်အား အပေးဆုံးသူတွေ ဖြစ်နေပါတယ်။

မနက်ပိုင်းက ကျွန်မနဲ့ လက်ချင်းချိတ်ခဲ့တဲ့ ကြေးစား ကာမလုပ်သား တွေဟာ ညနေပိုင်းမှာ ကျွန်မ အပေါ်ကို ချီမပြီး တင်ပေးခဲ့ရတဲ့ အမျိုးသမီး ဖြစ်သွားနိုင်တယ် ဆိုတာ ကျွန်မ သိပါတယ်။ သူတို့ကို လူ့အသိုင်းအဝိုင်းက အနှိမ်ခံရတာကို မတွန်းလှန် နိင်ရင် သူတို့လဲအဲဒီ ဘဝကို ရောက်သွား ကြမှာပါ။

ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းမှာတော့ ကျွန်မတို့ရဲ့ ဖောင်ဒေးရှင်း က ကြေးစား ကာမလုပ်သား တွေကို အပြန်အလှန် ပံ့ပိုး ပေးဖို့ အဖွဲ့တွေ ဖွဲ့ရာမှာ အကူအညီ ပေးပါတယ်။ ဒီအဖွဲ့တွေ က အန္တရာယ် ကင်းတဲ့ ကာမအလုပ်ဖြစ်ဖို့ ပွင့်ပွင့်လင်းလင်း ပြောရဲအောင် နဲ့ သူတို့ရဲ့ ဖောက်သည်တွေကို ရာဘာ အစွပ်သုံးဖို့ တောင်းဆိုရဲအောင် အားပေးပါတယ်။ သူတို့ရဲ့ သတ္တိနဲ့ ကြိုးစားမှုကြောင့် ကြေးစား ကာမလုပ်သား တွေရဲ့ ကြားမှာ HIV ကူးစက်နှုန်း နည်းပါး ခဲ့ပါတယ်။ ပြီးတော့လဲ အိန္ဒိယ မှာ AIDS ကပ်ရောဂါ ကြီး အကြီးအကျယ် မဖြစ်ပွါးခဲ့ခြင်းရဲ့ အဓိက အကြောင်းတစ်ခု ဟာ ဒီ ကြိုးစားမှုကြောင့်ပဲ ဆိုတာကို သူတေသန အများအပြား မှာ တွေ့ရပါတယ်။

ကြေးစား ကာမလုပ်သား တွေ AIDS ကူးစက်မှု ပပျောက် ရေးကို ကူညီဖို့ စုဝေးကြရာက မမျှော်လင့်ခဲ့တဲ့ အံ့ဩစရာ ကောင်းတဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ ရဲ့ ဒီ အစုအဝေးဟာ ဘာမဆို လုပ်လို့ ရတဲ့ အခြေခံ အဖွဲ့ ဖြစ်လာပါတယ်။ ထိုးကြိတ် ရိုက်နှက် အကြမ်းဖက်တာကို ခံရရင် အကူအညီ ခေါ်ဖို့ အရေးပေါ် တယ်လီဖုန်းလိုင်း ကို သူတို့ ထူထောင်ခဲ့ကြပါတယ်။ သူတို့တွေ ကို မုဒိန်းကျင့်၊ ဒါးမြတိုက် ခဲ့ကြတဲ့ ရဲတွေရော တခြားသူတွေပါ ပြစ်မှုကနေ လွတ်အောင် မပြေးနိုင် ကြတော့ပါဘူး။ ငွေစုတာကို ပံ့ပိုး ပေးတဲ့ စနစ်တွေ ကိုလဲ ဒီ အမျိုးသမီးတွေက ထူထောင်ခဲ့ကြပါတယ်။ ငွေကြေး ဝန်ဆောင်မှု စနစ် တွေကိုလဲ သူတို့တွေ သုံးခဲ့ကြပါတယ်။ တချို့ကတော့ အဲဒီ အကူအညီနဲ့ စီးပွါးရေး လုပ်ငန်းတွေ စပြီး ကာမ အလုပ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။ ဒါတွေ အားလုံးဟာ လူ့အသိုင်းအဝိုင်း ရဲ့ အောက်ဆုံးရဲ့ အောက်ဆုံး အလွှာ လို့ သတ်မှတ်ထားတာ ခံရတဲ့ သူတွေက လုပ်ခဲ့တာပါ။

ကျွန်မ အတွက်တော့ အကောင်းမြင်စိတ် ဆိုတာ အားလုံး ကောင်းသွားမှာပါ လို့ ထိုင်ပြီး မျှော်လင့်နေတဲ့ စိတ်မျိုး မဟုတ်ပါဘူး။ အားလုံးကောင်းသွားအောင် ငါတို့ လုပ်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်စိတ်မျိုးပါ။ ဘယ်လို ဒုက္ခမျိုးတွေကို တွေ့မြင်ရပါစေ၊ ဘယ်လောက်ပဲ အခြေအနေ ဆိုးပါစေ တို့တွေ အားမလျော့ ရင် တို့တွေ မျက်နှာ မလွှဲရင် လူအများကို တို့တွေ ကူညီနိုင်တယ် ဆိုတဲ့ စိတ်မျိုးပါ။

(လက်ခုပ်သံများ။ ဘီ(လ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)

ဘီ(လ်) – မီလင်ဒါ နဲ့ ကျွန်တော်တို့ ပြောပြခဲ့ တာတွေဟာ အကြီးအကျယ် ဝမ်းနဲစရာ မြင်ကွင်းတွေပါ။ ဒါပေမဲ့ အကောင်းမြင်စိတ် ရဲ့ စွမ်းပကားကို ကျွန်တော်တို့ သက်သေ သာဓက ခိုင်ခိုင် မာမာ ထုတ်ပြချင်ပါတယ်။ အင်မတန် ဆိုးဝါးတဲ့ အခြေ အနေ မျိုးမှာ တောင်မှ အကောင်းမြင်စိတ် ဟာ တီထွင်ဖန်တီး မှုတွေကို မီးထိုးပေးနိုင်ပါတယ်။ အဲဒီ တီထွင် ဖန်တီးမှုတွေ ကနေ ဒုက္ခတွေကို ဖယ်ရှား ပေးနိုင်တဲ့ လက်နက်ကရိယာတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ တကယ် ဒုက္ခတွေ့ နေကြသူ တွေကို အမှန်တကယ် မမြင်ဘူးဖူး ဆိုရင်တော့ မောင်တို့မယ်တို့ ရဲ့ အကောင်းမြင်စိတ် ကလဲ သူတို့တွေကို ကူညီ ပေးနိုင်မှာ မဟုတ်ပါ။ မောင်တို့မယ်တို့ လဲ သူတို့ရဲ့ ကမ္ဘာကို ဘယ်တော့မှ ပြောင်းလဲပေးမှာ မဟုတ်ပါ။

အဲဒီ အချက်ကနေပြီး ကျွန်တော့ အမြင်ပြောရရင် ဝိရောဓိ ပြသနာ တစ်ခုပေါ်လာပါတယ်။

သိပ္ပံ နဲ့ နည်းပညာ လောကကြီးက နေပြီး အင်မတန် ထူးခြားဆန်းကြယ် တဲ့ တီထွင်မှု တွေကို မောင်းနှင် ပေးနေပြီး စတင်းဖို့(ဒ်) တက္ကသိုလ် က အဲဒီ တီထွင်မှုတွေရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ ဒီ တက္ကသိုလ် ကနေပြီးတော့ စီးပွါးရေး ကုမ္ပဏီ အသစ်တွေ၊ ဆုတံဆိပ်ရ ပါမောက္ခတွေ၊ အလွန် ပြောင်မြောက်တဲ့ ဆော့(ဖ်) ဝဲ(ရ်) တွေ၊ ထက်မြက်တဲ့ ဆေးစွမ်းကောင်းတွေ၊ အတော်ဆုံး ဘွဲ့ရ ကျောင်းဆင်းတွေ မွေးထုတ်ပေးနေ ပါတယ်။ လူသား အချင်းချင်း အပြန်အလှန် အကူအညီ ပေးနိုင်ဖို့ အတွက် အင်မတန် အံ့ဩစရာ ကောင်းတဲ့ တီထွင်မှု တွေ ပေါ်ပေါက်လာဖို့ရာ တဲတဲ ကလေးပဲ လိုတော့တဲ့ အချိန်ကို ကျွန်တော် တို့တတွေ ရောက်နေပါပြီ။ ဒီ တက္ကသိုလ် က လူများကလဲ အနာဂါတ် အတွက် အလွန် စိတ်အား တက်ကြွနေကြ ပါတယ်။

အဲဒီ အချိန်မှာပဲ အမေရိကန်ပြည် တဝှမ်းက လူတွေကို “ခု လာမဲ့ အနာဂါတ်ဟာ အတိတ်ကထက် ပိုပြီး ကောင်းမလား” ဆိုတဲ့ မေးခွန်းကို မေးခဲ့ရင် လူအများစုက “မကောင်းပါဘူး။ တို့ရဲ့ ကလေးတွေ လက်ထက် ကြရင် တို့တွေထက် ပိုပြီး ဆိုးပါလိမ့်မယ်။” လို့ဖြေကြပါ လိမ့်မယ်။ အသစ်အဆန်း တီထွင်မှုတွေက သူတို့ရဲ့ အတွက်ရော သူတို့ကလေး တွေရဲ့ အတွက်ပါ ကမ္ဘာကြီး ကို ပိုပြီးကောင်းလာအောင် လုပ်ပေး နိုင်မှာ မဟုတ်ဘူးလို့ သူတို့ ထင်ကြပါတယ်။

အဲဒီလို ဆိုရင် ဘယ်သူတွေက မှန်ပါသလဲ။

တီထွင်မှုတွေက အခွင့်အလမ်း အသစ်တွေ ဖန်တီးပေးပြီး ကမ္ဘာကြီးကို ပိုပြီး ကောင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သူတွေက မှန်သလား။

ဒါမှမဟုတ်

အဆင့်အတန်း ကွာဟမှု နဲ့ အခွင့်အလမ်း ရှားပါး လာမှုတွေ ဖြစ်လာတာကို မြင်နေတဲ့၊ တီထွင်မှုတွေက ဒါတွေကို ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတဲ့ သူတွေက မှန်သလား။

အဆိုးမြင်ဝါဒီ တွေက မှားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ စိတ်မနှံ့တဲ့ သူတွေတော့ မဟုတ်ပါဘူး။ တကယ်လို့ နည်းပညာကို စျေးကွက် တစ်ခုထဲ ကသာ တွန်းအားပေးမယ် ဆိုရင်၊ ကျွန်တော်တို့ရဲ့ တီထွင်မှုတွေ ကို မတရားမှုကြီးတွေ အပေါ်မှာ ဦးတည်ချက် မထားခဲ့ရင်၊ ကမ္ဘာကြီး ကို ပိုပြီး ကွဲသထက် ကွဲအောင် ခွဲမဲ့ ဆန်းကြယ်တဲ့ တီထွင်မှု မျိုးတွေ ပေါ်ထွက် လာ နိုင်ပါတယ်။

အစိုးရကျောင်း တွေလဲ ပိုပြီး ကောင်းလာတော့မှာ မဟုတ်ပါဘူး။ ငှက်ဖျားရောဂါ ကိုလဲ ပျောက်အောင် ကုနိုင်တော့မှာ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှု လဲ ပပျောက်တော့မှာ မဟုတ်ပါဘူး။ ဆင်းရဲတဲ့ လယ်သမားတွေ ကမ္ဘာကြီး ရဲ့ ပြောင်းလဲလာတဲ့ ရာသီဥတု နဲ့ အညီ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ တီထွင်မှုတွေလဲ ပေါ်ထွက် လာတော့မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်က လူသားပေါင်းမြောက်များ စွာကို ဒုက္ခ ပေး နေတဲ့ ပြသနာတွေကို အလေးမထား ဘူးဆိုရင်၊ ဒီအကောင်းမြင်စိတ်မှာ ကိုယ်ချင်းစာ ကရုဏာ စိတ် လိုအပ် နေပါတယ်။ ကရုဏာစိတ်က ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ် ကို လမ်းကြောင်း ပေးမယ်ဆိုရင် ကျွန်တော် တို့ရဲ့ မြင်ကွင်းထဲမှာ ဆင်းရဲမွဲတေမှုတွေ၊ ရောဂါဆိုးတွေ နဲ့ မကောင်း တဲ့ စာသင်ကျောင်းတွေ ပေါ်လာပါလိမ့်မယ်။ ဒီပြသနာတွေကို ကျွန်တော်တို့ရဲ့ တီထွင်မှုတွေနဲ့ ဖြေရှင်းပြီး အဆိုးမြင်ဝါဒီတွေ အံ့အားသင့် သွားအောင် ကျွန်တော်တို့ လုပ်ပါ့လိမ့်မယ်။

နောက် မျိုးဆက်သစ် တစ်ခု အဖြစ် စတင်းဖို့(ဒ်) ဘွဲ့ရ မောင်မယ်တို့ဟာ တီထွင်မှု လှိုင်းသစ် တွေကို ဦးဆောင်ပါလိမ့်မယ်။ ပြီးတော့ ဒီ တီထွင်မှုတွေ ကို မောင်မယ်တို့ ရဲ့ ကမ္ဘာကြီး မှာ လက်တွေ့ အသုံး ချကြပါလိမ့်မယ်။ ဘယ်လို ပြသနာမျိုး တွေကို မောင်တို့မယ်တို့ ဖြေရှင်းကြမလဲ။ မောင်တို့မယ်တို့ ရဲ့ ကမ္ဘာက အကြီးကြီး ဆို ရင်တော့ တို့အားလုံး လိုချင်တဲ့ အနာဂါတ်ကို မောင်တို့မယ်တို့ တည်ဆောက် နိုင်ပါတယ်။ မောင်တို့မယ်တို့ ရဲ့ ကမ္ဘာက သေးသေး ကလေး ဆိုရင်တော့ အဆိုးမြင်ဝါဒီတွေ ထိတ်လန့်နေတဲ့ အနာဂါတ်ကို တည်ဆောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။

ကျွန်တော် ဆိုဝေတို မှာ စပြီး ရခဲ့တဲ့ သင်ခန်းစာ ကတော့ ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ် နဲ့ လူတိုင်းကို အကျိုးပြု ပေးချင်တယ် ဆိုရင် ကမ္ဘာနေရာ အနှံ့ က လူတွေကို အားဖြည့် ပေးချင်တယ် ဆိုရင် တကယ် လိုအပ် နေတဲ့ လူတွေရဲ့ ဘဝတွေကို တကယ် မြင်ဘူး ရပါမယ်။ တကယ်လို့ ကျွန်တော်တို့ မှာ အကောင်းမြင်စိတ် ပဲရှိပြီး ကိုယ်ချင်းစာတတ်တဲ့ ကရုဏာစိတ် မရှိဘူး ဆိုရင်တော့ ဘယ်လောက်ပဲ သိပ္ပံပညာ ရဲ့ လျှို့ဝှက်ချက်တွေ ကို တတ်ကျွမ်း ပါစေ ဘယ်ပြသနာကိုမှ ကျွန်တော်တို့ တတွေ တကယ် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါ။ ပဟေဠိတွေ ကို အဖြေရှာတမ်း ကစားနေ သလိုပဲ ဖြစ်မှာပါ။

ကျွန်တော် ထင်ပါတယ် မောင်တို့မယ်တို့ အများစုမှာ ကျွန်တော် မောင်မယ်တို့ အရွယ်က ရှိခဲ့တဲ့ ကမ္ဘာအမြင် ထက် ပိုပြီး ကျယ်ပြန့်တဲ့ အမြင် ရှိကြပါတယ်။ မောင်တို့မယ်တို့ ကျွန်တော့ထက် ပိုပြီး အောင်မြင်အောင် လုပ်နိုင်ပါတယ်။ မောင်မယ်တို့ နှလုံးသားရော ဦးဏှောက်ပါ အားစိုက်ပြီး ကြိုးစား လိုက်မယ် ဆိုရင်၊ အဆိုးမြင်ဝါဒီ တွေကို အံ့အားသင့် သွားအောင် လုပ်နိုင်မှာပါ။ အဲဒီ အချိန်ကို ကျွန်တော်တို့ တွေ့ မြင်ချင် လှပါပြီ။

(လက်ခုပ်သံများ။ မီလင်ဒါ မှ မိန့် ခွန်းကို ဆက်ပြော ပါ သည်)

မီလင်ဒါ – မောင်တို့မယ်တို့ရဲ့ အသဲ ကွဲပါစေ။ အသဲကွဲ လိုက်ရင် မောင်တို့ မယ်တို့ရဲ့ အကောင်းမြင်စိတ် နဲ့ ဘာလုပ်မှာလဲ ဆိုတာကို ပြောင်းလဲသွားစေပါလိမ့်မယ်။

ကျွန်မရဲ့ အာရှတိုက် တောင်ပိုင်း ခရီး တစ်ခုမှာ အင်မတန် ဆင်းရဲတဲ့ ကလေး အမေ တစ်ယောက်နဲ့ တွေ့ခဲ့ရ ပါတယ်။ သူ့ရဲ့ ကလေး အငယ်လေး နှစ်ယောက်ကို ကျွန်မဆီကို ခေါ်လာပြီး “သူတို့ကို အိမ်ကိုခေါ်သွားပါ” လို့ အသနား ခံပါတယ်။ ကျွန်မ ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပြီး ခေါ်မသွားနိုင်တဲ့ အကြောင်းပြောတော့ “အဲဒီလိုဆို တစ်ယောက်တော့ ခေါ်သွားပါ” တဲ့။

နောက် လော့(စ်)အိန်ဂျလိ(စ်)မြို့ တောင်ပိုင်းကို သွားတဲ့ ခရီးတစ်ခေါက် မှာတော့ ခပ်ကြမ်းကြမ်း ရပ်ကွက်တစ်ခုထဲက အထက်တန်း ကျောင်းသူ၊ ကျောင်းသား တစ်စု နဲ့ စကား ပြောခဲ့ရပါတယ်။ အဲဒီ အထဲက မိန်းကလေး တစ်ယောက်က ကျွန်မကို ပြောပါတယ် “ကျွန်မတို့ကို သူများတွေရဲ့ တာဝန်မယူချင်တဲ့ မိဘတွေရဲ့ ကလေးတွေ၊ ထမင်းသိုး ဟင်းသိုးလေးတွေ လို့ မထင်ဘူးလား” တဲ့။

ဒီအမျိုးသမီးတွေက ကျွန်မကို အသဲကွဲစေခဲ့ ပါတယ်။ ခုထက်ထိလဲ အသည်းကွဲ လျက်ပါ။ “ငါလဲ သူတို့လိုပဲ ဖြစ်နေနိုင်တယ်” လို့ ကိုယ့်ကို ကိုယ် အသိပေး လိုက်မိရင် ပိုပြီးတော့တောင်မှ ကရုဏာ ဖြစ်မိပါသေးတယ်။

ခရီးသွားရင်း တွေ့ကြုံရတဲ့ မိခင်များနဲ့ စကားပြောရတဲ့ အခါ ကျွန်မတို့ရဲ့ ကလေးတွေ အတွက် ဘာလိုချင်သလဲ ဆိုတာ မိခင်တွေမှာ ကွဲပြားမှု မရှိဘူး လို့ တွေ့ရပါတယ်။ ကလေးတွေကို ဖြည့်ဆည်းပေးနိုင်စွမ်း ကျွန်မတို့မှာ ရှိ မရှိ ဆိုတဲ့ အချက် တစ်ခုထဲသာ ကွာခြားသွားတာပါ။

ဘယ်အတွက် ကြောင့် အဲဒီလို ကွာခြားရပါသလဲ။

အဲဒီ အကြောင်းကို ဘီ(လ်) နဲ့ ကျွန်မတို့ ကျွန်မတို့ရဲ့ ကလေးတွေ နဲ့ ညစာ ထမင်းဝိုင်း မှာ ဆွေးနွေးလေ့ ပါတယ်။ ဘီ(လ်) ဟာ သူ့ရဲ့ အောင်မြင်မှု အတွက် အင်မတန် ကြိုးစား ခဲ့ရ ပါတယ်။ လုပ်ငန်းမှာ စွန့်စားခဲ့ရပါတယ်။ အောင်မြင်မှု အတွက် စတေး ခဲ့ရပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမှာ မရှိမဖြစ် အရေးပါတဲ့ အကြောင်း တစ်ခုလဲ ရှိပါသေး တယ်။ အဲဒါ ကတော့ ကံကောင်းခြင်း ပါ။ ကံကောင်းခြင်း စစ်စစ် မှ လုံးဝ ကံကောင်းခြင်း စစ်စစ်ပါ။

ဘယ် နှစ် ခုနှစ်မှာ မွေးသလဲ။ မိဘတွေ က ဘယ်သူ တွေလဲ။ ဘယ် အရပ်မှာ ကြီးပြင်းခဲ့ သလဲ။ ဒါတွေကို ကျွန်မတို့ ကြိုးစားပြီး ရလာခဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့ကို ပေးအပ်ခဲ့တာ တွေကို ယူခဲ့ရတာပါ။

ကျွန်မတို့ မှာ ကံကောင်းခြင်း နဲ့ အခွင့်ထူးရခဲ့ တာတွေသာ မရှိခဲ့ရင် ဘယ်ကို ရောက်နေမလဲလို့ တွေးကြည့်လိုက်ရင် ဆင်းရဲသူ ဆင်းရဲသား များနဲ့ တွေ့တဲ့အခါ ရောဂါဝေဒနာ ခံစားနေရ သူများနဲ့တွေ့တဲ့အခါ “ငါလဲ သူတို့လိုပဲ ဖြစ်နေနိုင်တယ်” လို့ စဉ်းစားဖို့ ပိုပြီး လွယ်ကူ သွားပါတယ်။ ဒါဟာ ကိုယ်ချင်းစာ ကရုဏာစိတ် ပါပဲ။ ဒီ ကရုဏာစိတ်ဟာ အတားအဆီး တွေကို ဖယ်ရှားပြီး အကောင်းမြင်စိတ် အတွက် နယ်ပယ်သစ်တွေ ဖွင့်လှစ်ပေး ပါတယ်။

ဟောဒါ ကတော့ မောင်တို့မယ်တို့ အားလုံးအတွက် တို့တွေရဲ့ မေတ္တာ ရပ်ခံချက်ပါ။ စတင်းဖို့(ဒ်) တက္ကသိုလ် က ထွက်ခွါ သွားတဲ့ အခါမှာ မောင်မယ်တို့ ရဲ့ အလွန်ထက်မြက်တဲ့ ဉာဏ်စွမ်းပကား နဲ့ အကောင်းမြင်စိတ် နဲ့ ကရုဏာစိတ် တွေကို ယူဆောင်သွား ပြီး ကမ္ဘာကြီး ကို ပြောင်းလဲပါ။ အခြား လူသား သန်းပေါင်းများစွာ မှာလဲ အကောင်းမြင် စိတ်တွေ ဖြစ်ပေါ် လာစေမဲ့ နည်းမျိုးတွေ နဲ့ ကမ္ဘာကြီး ကို ပြောင်းလဲပါ။

အဲဒီလို လုပ်ဖို့အတွက် အလျင်လိုဖို့ မလိုပါ။ မောင်မယ်တို့ မှာ ဘဝ တက်လန်းကို ရှာရ ပါဦးမယ်။ ပေးဆပ်စရာ တွေ ရှိပါသေးတယ်။ ဘဝကြင်ဖော်နဲ့ တွေ့ရ အိမ်ထောင်ပြုကြရ ပါဦးမယ်။ လောလောဆယ်တော့ ဒီလောက်ဆို လုံလောက်ပါပြီ။

ဒါပေမဲ့ မောင်မယ်တို့ရဲ့ သက်တမ်း တလျှောက်မှာ ကြိုတင်စီစဉ် မထားပဲနဲ့ မောင်မယ်တို့ ရဲ့ အသဲကို ကွဲစေမဲ့ ဒုက္ခ နဲ့ ဝေဒနာ ဆိုးတွေကို တွေ့မြင်ကြရ ပါလိမ့်မယ်။

အဲဒီလို ဖြစ်တဲ့ အခါမှာ၊ ဖြစ်ဖို့လဲ သေချာပါတယ်။ မျက်နှာလွှဲပြီး လှည့်ထွက် မသွားပါနဲ့၊ ရှေ့ကိုလှည့် ပြီး တည့်တည့် ရင်ဆိုင်ပါ။

အဲဒီ အခိုက်အတန့် ဟာ အပြောင်းအလဲ ကို မွေးဖွားတဲ့ အချိန်ပါ။

ဘွဲ့ ရ မောင်မယ် တွေကို ချီးကျူး ဂုဏ်ပြု ပါတယ်။ ကံကောင်းကြပါစေ။

(အားလုံး ထိုင်ရာမှ ထ၍ လက်ခုပ်တီး ကြသည်)

မူရင်း မိန့်ခွန်း

၁။ http://news.stanford.edu/news/2014/june/gates-commencement-remarks-061514.html
၂။ https://www.youtube.com/watch?v=wug9n5Atk8c