Pale Blue Dot
အပြာဖျော့အစက် သည် ကမ္ဘာမှ အဝေးဆုံး စံချိန်တင် မိုင် သန်းပေါင်း ၃,၇၀၀ (ကီလိုမီတာ သန်းပေါင်း ၆,၀၀၀) ခန့် အကွာအဝေး မှ ဗွိုင်ယေဂျာ အမှတ်(၁) အာကာသယာဉ် ၁၉၉၀ ခုနှစ် တွင် ရိုက်ကူးခဲ့သော နေစကြာဝဠာ၏ မိသားစုဓာတ်ပုံများ ပုံတွဲထဲမှ ကမ္ဘာဂြိုဟ်ဓာတ်ပုံ ၏ အမည် ဖြစ်ပါသည်။
ဤဓာတ်ပုံ တွင် မြေကမ္ဘာကို အာကာသ ဟင်းလင်းပြင်ကြီးထဲမှ အစက်ကလေး တစ်စက် အဖြစ်သာ တွေ့မြင်ရပါသည်။
နက္ခတ္တဗေဒ ပညာရှင် ကားလ်ဆေဂန် (Carl Sagan) ၏ မေတ္တာရပ်ခံချက် အရ အဓိက ရည်မှန်းချက် ပြီးဆုံး၍ နေစကြာဝဠာမှ ထွက်ခွာလျက်ရှိသည့် ဗွိုင်ယေဂျာအမှတ် (၁) အာကာသယာဉ် ကို ကင်မရာ နောက်ပြန်လှဲ့၍ ကမ္ဘာဂြိုဟ်၏ ပုံကိုရိုက်ရန် နာဆာ (NASA) မှ အမိန့်ပေး ရိုက်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကားလ်ဆေဂန် က ဤဓာတ်ပုံ၏ အဓိပ္ပါယ် နက်ရှိုင်းမှု သူ၏ အတွေးအမြင်ကို သူ၏ “အပြာဖျော့အစက် – အာကာသထဲမှ လူသားအနာဂါတ် ၏ ပုံရိပ်” စာအုပ်ထဲတွင် ဤကဲ့သို့ပြောပြခဲ့ပါသည်။
အလွန်ဝေးကွာ၍ မြင်သာသော အာကာသ တစ်နေရာမှ ကြည့်ပါလျှင် ကမ္ဘာဂြိုဟ်သည် ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းမည့်ပုံ ပေါ်ကောင်း မှ ပေါ်ပါလိမ့်မည်။ သို့သော် ကျွန်တော်တို့ အတွက်တော့ တမူ ထူးခြားပါသည်။
ထို အစက်ကလေး အကြောင်းကို ထပ်ပြီးစဉ်းစားကြည့်ပါ။ ထို အစက်ကလေးသည် ကျွန်တော်တို့၏ နေရာ ဖြစ်ပါသည်။ ထို အစက်ကလေးသည် ကျွန်တော်တို့၏ အိမ်ဂေဟာ ဖြစ်ပါသည်။ ထို အစက်ကလေးသည် ကျွန်တော်တို့ ဖြစ်ပါသည်။ ထို အစက်ကလေးပေါ်တွင် ချစ်ခင်မြတ်နိုးသူများ အားလုံး၊ သိကျွမ်းဖူးသူများ အားလုံး၊ ကြားဖူးသူများ အားလုံး၊ ရှေးပဝေသဏီမှစ၍ လူသားများအားလုံး သူတို့၏ သက်တမ်းတလျှောက် ဤအစက်ကလေးပေါ်တွင် နေထိုင်ခဲ့ကြပါသည်။
ကျွန်တော်တို့၏ ပျော်ရွှင်မှုသုခများ နှင့် ဒုက္ခဝေဒနာများ ၏ အပေါင်းအစု၊ ထောင်ပေါင်း များစွာသော ဘာသာရေးများ၊ နိုင်ငံရေး အယူဝါဒများ နှင့် စီးပွါးရေးအယူဝါဒများ၊ မုဆိုးများ နှင့် အစာရှာသူများ၊ သူရဲကောင်းများ နှင့် သူရဲဘောကြောင်သူများ၊ မြို့ပြနိုင်ငံကို တည်ထောင်သူများ နှင့် ဖျက်ဆီးသူများ၊ ဘုရင်များ နှင့် မြေကျွန်များ၊ ချစ်သူ လူငယ်စုံတွဲများ၊ မိခင် နှင့် ဖခင်များ၊ မျှော်လင့်ချက်အပြည့်နှင့် ကလေးငယ်များ၊ တီထွင်သူများ နှင့် စွန့်စားသူများ၊ စာရိတ္တသင်ခန်းစာ တရားဟော ဆရာများ၊ အကျင့်ပျက် နိုင်ငံရေးသမားများ၊ နံမည်ကျော် စူပါစတား ဆိုသူများ၊ ကြီးမြတ်သော ခေါင်းဆောင်ကြီး ဆိုသူများ၊ ကျွန်တော်တို့ လူသားများ၏ သမိုင်းတလျှောက်လုံးမှ သူတော်စင်များ နှင့် အကုသိုလ်ကောင်များ ဤသူများ နှင့် ဤအရာများ အားလုံးသည် နေရောင်ခြည် အလင်းတန်းကလေး တစ်ခုထဲတွင် မျောပါနေသော ဤ အမှိုက်ကလေးတစ်စ ပေါ်တွင် နေထိုင်ခဲ့ကြပါသည်။
ဤကမ္ဘာသည် ဧရာမ အာကာသပွဲကွင်းကြီး ထဲမှ အလွန်သေးငယ်သော ဇာတ်ခုံကလေး တစ်ခုသာ ဖြစ်ပါသည်။
ဘုန်းတန်ခိုးအာဏာ နှင့် အောင်ပွဲခံချိန်၌ အစက်ကလေး တစ်ခု၏ အစိတ် အပိုင်းကလေးကို ခဏတာမျှ ပိုင်စိုးနိုင်ရန် အတွက် ဧကရာဇ်ဘုရင်ကြီးများ နှင့် သူတို့၏ စစ်ဗိုလ်ချုပ်ကြီးများက စီးဆင်းစေခဲ့သော သွေးမြစ်နဒီများကို စဉ်းစားကြည့်ပါ။ ထို ဓာတ်ပုံပေါ်မှ အစက်ကလေး၏ ထောင့်တစ်ထောင့်တွင် နေသူများမှ အခြား ထောင့်တစ်ထောင့်တွင် နေထိုင်သော မသိမသာမျှသာ ကွဲပြားခြားနားသည့် သူများ အပေါ်တွင် အဆုံးမရှိအောင် ရက်စက် ကြမ်းကြုတ်ခဲ့ကြသည်ကို စဉ်းစားကြည့်ပါ။ သူတို့တတွေ နားလည်မှု မည်မျှလောက် ခဏခဏ လွဲကြပါသနည်း၊ သူတို့တတွေ တစ်ယောက်ကို တစ်ယောက် သတ်ချင်ဖြတ်ချင်စိတ် မည်မျှလောက် ပြင်းပြ နေကြပါသနည်း၊ သူတို့တတွေ၏ မုန်းတီးမှုများသည် မည်မျှလောက် ပြင်းထန်ပါသနည်း။
ကျွန်တော်တို့၏ ဟိတ်ဟန်ထုတ်မှုများ၊ ကျွန်တော်တို့၏ မိမိကိုယ်မိမိ အရေးကြီးသည်ဟု ထင်မြင်မှု၊ ဤစကြာဝဠာထဲတွင် ကျွန်တော်တို့ကသာ အခွင့်ထူးရသည် ဟု ယုံမှားလွန်သော စိတ်ဝေဒနာ ဤအရာများ အားလုံးကို ဤ အလင်းဖြော့ အစက်ကလေးမှ စိန်ခေါ်ပါသည်။ ကျွန်တော်တို့၏ ဂြိုဟ်သည် လွှမ်းခြုံထားသော မဟာအမှောင်တိုက် အာကာသထဲမှ အထီးကျန် အစက်အပြောက်ကလေး တစ်ခုဖြစ်ပါသည်။ ဤမျှ ကြီးမားကျယ်ပြန့်သော အာကာသထဲတွင် အညတရ ကျွန်တော်တို့ကို ကျွန်တော်တို့ ကိုယ်တိုင်၏ ဘေးအန္တရာယ်မှ ကယ်တင်ရန် အာကာသ၏ အခြား တစ်နေရာမှ လာ၍ အကူအညီ ပေးလိမ့်မည်ဆိုသော သဲလွန်စ မတွေ့ရပါ။
ယခုအချိန်အထိ သိရှိချက်များအရ ဤကမ္ဘာဂြိုဟ်သည်သာ တစ်ခုတည်းသော သက်ရှိများ ခိုလှုံရာ ကမ္ဘာဖြစ်ပါသည်။
အနဲဆုံး ပြောရလျှင် ရှေ့မကြာမီ အနာဂါတ်ကာလ အတွင်းတွင် ကျွန်တော်တို့ လူသားများ ရွှေ့ပြောင်းနေထိုင်စရာ အခြား ဂြိုဟ်ကမ္ဘာတစ်ခု မရှိပါ။ အလည်အပါတ် သွားရောက်ရန် ဖြစ်နိုင်ပါသည်။ ပြောင်းရွှေ့နေထိုင်ရန် မဖြစ်နိုင်သေးပါ။ ယခု အခိုက်အတန့်တွင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဤ ကမ္ဘာဂြိုဟ်သည် ကျွန်တော်တို့ ရပ်တည်ရာ နေရာ ဖြစ်ပါသည်။ နက္ခတ္တဗေဒသည် မာန်မာန လျော့ကျစေသော၊ အကျင့် ပြည့်ဝစေသော ပညာရပ်တစ်ခု ဖြစ်သည်ဟု ပြောထားခဲ့ပါသည်။ လူသား၏ မောက်မာ ထောင်လွှားခြင်းများ၏ ရူးသွပ်ပုံကို ဤ ကမ္ဘာဂြိုဟ် သေးသေးကလေး ၏ အဝေးမြင် ပုံရိပ်ထက် ပို၍ကောင်းအောင် သရုပ်ဖော်ပြနိုင်သောအရာ ရှိကောင်းမှ ရှိပါလိမ့်မည်။
ကျွန်တော့အတွက်တော့ ဤဓာတ်ပုံသည် တစ်ယောက် နှင့် တစ်ယောက် ပို၍ အကြင်နာထား ဆက်ဆံဖို့ နှင့် ကျွန်တော်တို့၏ တစ်ခုတည်းသော အိမ်ဂေဟာ ဤ အပြာဖျော့အစက်ကလေး ကို ကာကွယ်စောင့်ရှောက်ဖို့ မြတ်နိုးတန်ဖိုးထားဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပုံကို လေးလေးနက်နက် ထောက်ပြနေပါသည်။
ကိုးကား
၁။ ဝီကီပီးဒီးယား အခမဲ့ စွယ်စုံကျမ်း စက်တင်ဘာလ ၈ ရက် ၂၀၁၃ ၁၉:၅၅ နာရီ ယူတီစီ http://en.wikipedia.org/wiki/Pale_Blue_Dot
၂။ ယူတျု ဗီဒီယို စက်တင်ဘာလ ၈ ရက် ၂၀၁၃ ၁၉:၅၅ နာရီ ယူတီစီ http://youtu.be/8Lm6pEhykhs
You must be logged in to post a comment.